News

POST TAGGED AS

သီပေါမင်း

သီပေါမင်း ပါတော်မူနေ့ ရွှေနန်းတော်ကြီးအတွင်း ပထမဦးဆုံးအကြိမ် ကျင်းပမည်
မန္တလေး၊ အောက်တိုဘာ ၁

မြန်မာနိုင်ငံတွင် အုပ်စိုးခဲ့သော ဘုရင်များအနက် နောက်ဆုံး ဘုရင်ဖြစ်သော သီပေါမင်း ပါတော်မူနေ့နှင့် နတ်ပြည်စံသက် နှစ် (၁ဝဝ) ပြည့် အလှူကို မြနန်းစံကျော်ရွှေ နန်းတော်ကြီး အတွင်း၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း သီပေါမင်း၏ အနွယ်တော်များထံမှ သိရသည်။

သီပေါမင်း ပါတော်မူခဲ့သည့် ၁၃၁ နှစ်အကြာတွင် မြနန်းစံကျော် ရွှေနန်းတော်ကြီးအတွင်း ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရခြင်း ဖြစ်ကြောင်း၊ ယင်းအခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“ကိုယ့်ရဲ့ ဘိုး၊ ဘွားတွေကို ပြန်ပြီးတော့ ကန်တော့ကြ၊ အမှတ် ရကြတာပေါ့။ သို့သော်လည်း ဒါတွေက အနွယ်တော်တွေတင်မက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ပွဲပါ။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ အလှူပါ။ ကိုယ့်နိုင်ငံမှာ ဒါတွေ ဖြစ်ခဲ့တယ်၊ နှစ်ဘယ်လောက် ရှိခဲ့ပြီ၊ အရှင် နှစ်ပါးကို တိုင်းတစ်ပါးသားတွေ ခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်ကို ပြန်ပြီးတော့ မှတ်တမ်းတင်တဲ့ သဘောပါ။ နောင်လာ နောင်သားတွေကိုလည်း သိစေချင်တယ်။ အဲဒီနေ့က အချုပ်အခြာ အာဏာ ဆုံးရှုံးသွားတဲ့နေ့ပေါ့။ ဒါကို သင်ခန်းစာ ယူနိုင်ဖို့ပါ”ဟု သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောကြားသည်။

ယခင်နှစ်များက သီပေါမင်း ပါတော်မူနေ့နှင့် နတ်ပြည်စံ အလှူကို မိသားစု အစီအစဉ်ဖြင့်သာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မှ နန်းတော်ကြီးအတွင်း ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရခြင်း ဖြစ်သည်။

၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့သည် သီပေါမင်း ပါတော်မူသည့်နှစ် ၁၃၁ နှစ်မြောက်ဖြစ်ကြောင်း၊ ပါတော်မူနေ့နှင့် သီပေါမင်း နတ်ပြည်စံသက် နှစ် ၁ဝဝ ပြည့် အလှူကို မြနန်းစံကျော် ရွှေနန်းတော်ကြီးအတွင်း ကျင်းပခွင့်ပြုရန် ၎င်း၏မြစ်တော်စပ်သူ ဦးစိုးဝင်းက တင်ပြလာခြင်းကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“အဲ့ဒီနေ့မှာ ဆရာတော် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ကောင်းမှုကုသိုလ် လုပ်မယ်။ ဖိတ်ကြား ထားတဲ့ သူတွေကို ဧည့်ခံမယ်”ဟု ဦးစိုးဝင်းက ထပ်လောင်း ပြောကြားသည်။

သီပေါမင်း နတ်ရွာစံသည့် နှစ် ၁ဝဝ ပြည့်မည့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နေ့တွင်လည်း အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့၌ နတ်ပြည်စံ သက်ရာပြည့် အလှူတော် ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမင်း၏ အနွယ်တော်များထံမှ ထပ်မံ သိရသည်။

မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းသည် ၁၈၈၅ ခုနှစ် နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံ မာဒရပ်သို့ ပါတော်မူခဲ့ပြီး ယင်းမှ ၁၈၈၆ ခုနှစ်တွင် ရတနာဂီရိသို့ ရောက်ရှိခဲ့ကြောင်း၊ ရတနာဂီရိမြို့၌ ၁၉၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နတ်ရွာစံခဲ့ကြောင်း ဒေါက်တာသန်းထွန်း ရေးသည့် မန္တလေးဖြစ်စဉ် စာအုပ်တွင် ဖော်ပြထားသည်။



FOLLOW US