News

POST TAGGED AS

သီဟိုဠ်စေ့

ပုသိမ်ခရိုင်တွင် သီဟိုဠ်စေ့ အဝယ်ဈေးမြင့်


ပုသိမ်၊ မတ်၂၅

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ မြို့နယ်များမှ ထွက်ရှိသော သီဟိုဠ်စေ့အဝယ်နှုန်းမှာ ယခင်နှစ်ထက် အဝယ်ဈေးမြင့်နေကြောင်း သီဟိုဠ်စေ့ရောင်းဝယ်သူများထံမှ သိရသည်။ 

ယခင်နှစ်က သီဟိုဠ်စေ့အဖွင့်ဝယ် ဈေး ၁၀ ပိဿာလျှင် ကျပ်နှစ်သောင်းရှစ်ထောင်ရှိပြီး ယခုနှစ်တွင် သီဟိုဋ္ဌ်စေ့ အထွက်နည်းသဖြင့် ၁၀ ပိဿာလျှင် ကျပ်လေးသောင်းခန့်ဖြင့် ဝယ်ယူကြောင်း၊ သီဟိုဠ်စေ့ဝယ်နိုင်သည့် မတ်လနှင့်ဧပြီလတွင် နှစ်စဉ်ကုန်ချိန်၏ ထက်ဝက်ခန့်သာ ရရှိကြောင်း၊ ဧပြီလလယ် သင်္ကြန်ကာလပြီး နောက်ပိုင်းတွင်ထွက်ရှိသည့် သီဟိုဠ်စေ့များမှာ အရည်အသွေးညံ့လာသောကြောင့် အဝယ်ဈေးတစ်ပိဿာလျှင် ကျပ်သုံးထောင်နှုန်းအောက်သို့ လျော့လာနိုင်ကြောင်း ပုသိမ်မြို့ရှိ သီဟိုဠ်စေ့အဝယ်ဒိုင်များထံမှ သိရသည်။ 

ယခင်နှစ်က မတ်လကုန်တွင် ကုန်ချိန်တစ်သိန်းကျော် ဝယ်ခဲ့ပြီးသော်လည်း ယခုနှစ်တွင် ကုန်ချိန်သောင်းဂဏန်းလောက်သာ ရှိတော့ကြောင်း၊ သီဟိုဠ်စေ့အခွံကို အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်ပွဲစားများမှတစ်ဆင့် ပိဿာချိန် ၁၀၀ လျှင် ကျပ် ၃၅၀၀ ဖြင့် ဝယ်ယူကြောင်း ပုသိမ်မြို့ရှိ အောင်ထက်ပိုင် သီဟိုဠ်စေ့ရောင်းဝယ်ရေးဒိုင် လုပ်ငန်းရှင် ဦးအောင်ထက်ပိုင်က ဆိုသည်။ 

သီဟိုဠ်ပင်များမှာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် အပွင့်ပွင့်ကာ မျိုးအောင်ရမည့် အချိန်ဖြစ်သော်လည်း ဖေဖော်ဝါရီလမှ ဆီးနှင်းအလွန်အကျွံကျပြီး နှင်းခါးရိုက်ခံရသဖြင့် အသီးမအောင်ကာ အထွက်နှုန်း ထက်ဝက်ခန့်လျော့ခဲ့ကြောင်း၊ အချို့သီဟိုဠ်ခြံများမှာ အသီးမသီးသည်များနှင့်လည်း ကြုံရကြောင်း သီဟိုဠ်စိုက်တောင်သူများက ဆိုသည်။ 

“ရာသီဥတုမမှန်တော့ သီးနှံအထွက်နောက်ကျတယ်၊ ထွက်နှုန်းကျတယ်၊ အချိန်မီငွေမပေါ်ဘူး၊ ကျဈေးနဲ့တိုးပြန်တော့ မှန်းသလောက် ငွေမရဘူး၊ ဒီတော့ ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင် သူတွေအဖို့ ငွေလည်တာမမှန်လို့ ကျန်တဲ့လုပ်ငန်းတွေပါ ထိခိုက်တယ်”ဟု ပုသိမ် မြို့နယ် ရွာဟောင်းကြီးကျေးရွာမှ သီဟိုဠ်စိုက်တောင်သူ ဒေါ်ခင်မျိုးရွှေက ရှင်းပြသည်။ 

သီဟိုဠ်စေ့ကို စားသောက်ကုန်လုပ်ငန်းတွင် အဓိကအသုံးပြုပြီး သီဟိုဠ်စေ့အခွံများကို သင်္ဘောဆေးလုပ်ငန်းတွင် ကုန်ကြမ်းအဖြစ်အသုံးပြုကြောင်း၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်ပုသိမ်မြို့နယ်များမှ ထွက်ရှိသော သီဟိုဠ်စေ့မှာ ပုသိမ်မြို့ဈေးကွက်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နှင့်စင်ကာပူနိုင်ငံသို့ တင်ပို့ကြောင်း သီဟိုဠ်စေ့ရောင်းဝယ်ရေး လုပ်ငန်းကျွမ်းကျင်သူများထံမှ သိရသည်။  

R-12



FOLLOW US