News

POST TAGGED AS

သီဟတင်စိုး

မော်ဒယ်လ် စူးရှထက်က သက်သေခံ ဗီဒီယိုဖိုင်မှတ်တမ်းကို ပယ်ဖျက်ပေးရန် တိုင်းတရားလွှတ်တော်ထံ လျှောက်ထား
ရန်ကုန်၊ ဩဂုတ် ၁၃

တာမွေမြို့နယ် တရားရုံးတွင် မုဒိမ်းမှုအပါအဝင် ပုဒ်မသုံးခုဖြင့် စစ်ဆေးနေသော အဆိုတော် အစ္စဏီအမှုမှ သက်သေခံအဖြစ် ရုံးတော်က လက်ခံထားသည့် ဗီဒီယိုဖိုင်မှတ်တမ်းကို ပယ်ဖျက်ပေးရန် တရားလို မော်ဒယ် စူးရှထက်ဘက်က တိုင်းတရားလွှတ်တော်ထံသို့ လျှောက်တင်ထားကြောင်း တရားရုံးထံမှ စုံစမ်းသိရှိရသည်။

“ရုံးတော်က သက်သေခံအဖြစ် လက်ခံထားတဲ့ ရုပ်သံမီဒီယာတစ်ခုက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို တရားလိုဘက်က ပယ်ဖျက်ပေးဖို့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ လျှောက်ထားခဲ့တယ်။ ခရိုင်က လက်မခံတာကြောင့် တိုင်းကို ဆက်တက်သွားတယ်။ အမှုတွဲက တိုင်းတရားလွှတ်တော်ဆီ ရောက်နေလို့ အမှုကို မစစ်ဆေးနိုင်သေးဘူး။ ဒီအမှုက မစစ်ဆေးနိုင်ဘဲ ကြန့်ကြာနေတာကြောင့် စွပ်စွဲခံရသူမှာ အာမခံမရဘဲ ထောင်အတွင်း တရားရင်ဆိုင်နေရတာ အင်မတန်မှကို နစ်နာပါတယ်”ဟု အစ္စဏီ၏ရှေ့နေ ဦးကျော်ဇင်ဦးက ပြောသည်။

အဆိုတော် အစ္စဏီအမှုကို တရားရုံးပြောင်း စစ်ဆေးပေးရန် တရားလို မော်ဒယ်စူးရှထက်ဘက်က လျှောက်ထားမှုကို ဩဂုတ်လ ၉ ရက်နေ့က ပယ်ချလိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရှိရသည်။

လက်ရှိ အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံရပြီး တရားရင်ဆိုင်နေရသည့် အဆိုတော် အစ္စဏီမှာ ရောဂါဟောင်းဖြစ်သည့် နှလုံးရောဂါကို ပြန်ခံစားနေရပြီး အကျဉ်းထောင်အတွင်း မလုံလောက်သည့် ဆေးဝါးများဖြင့်သာ ကုသမှုကို ခံယူနေရကြောင်း ၎င်း၏ ရှေ့နေ ဦးကျော်ဇင်ဦးထံမှ သိရသည်။

“သူ့ (အစ္စဏီ) နှလုံးအဆို့ရှင်က အတော်ကျယ်နေတယ်။ လက်ရှိ တရားစွဲဆိုခံထားရတဲ့ ပုဒ်မကလည်း ဆေးစာတွေ ဘာတွေနဲ့ အာမခံလျှောက်ပေးလို့မရတဲ့ ပုဒ်မဖြစ်နေတော့ ထောင်ထဲမှာပဲရှိတဲ့ ဆေးဝါးနဲ့ ဆေးကုသဖို့ လုပ်ဆောင်နေရတာ”ဟု ရှေ့နေ ဦးကျော်ဇင်ဦးက ပြောကြားသည်။ 

ယင်းအမှုဖြစ်စဉ်မှာ ယခုနှစ် ဧပြီလ ၁၁ ရက် ညပိုင်းက တာမွေမြို့နယ်ရှိ မော်ဒယ်စူးရှထက် နေထိုင်သော တိုက်ခန်းတစ်ခန်းတွင် အဆိုတော်အစ္စဏီက စူးရှထက်ကို သားမယားအဖြစ် အဓမ္မပြုကျင့်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း တိုင်ကြားချက်အရ ဧပြီလ ၁၂ ရက်နေ့က ရဲတပ်ဖွဲ့က အစ္စဏီကို ဖမ်းဆီးခဲ့ပြီး တာမွေမြို့နယ် တရားရုံးတွင် မုဒိမ်းမှု၊ ချွန်ထက်သော လက်နက်ဖြင့် သာမန်နာကျင်စေမှုနှင့် အလိုအလျောက် နာကျင်စေမှု ပုဒ်မသုံးခုဖြင့် တရားစွဲတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03



FOLLOW US