News

POST TAGGED AS

သိန်းထွန်း (IR)

လိုတိုးပိုလျှော့လုပ်ရမယ့် အချိန်တွေ ကျော်လာပြီလား
လိုတိုးပိုလျှော့ဆိုသည့် စကားတွဲ၏အဓိပ္ပာယ်မှာ ရှင်းရှင်းကလေးပင်ဖြစ်ပါသည်။ လိုအပ်သည့်နေရာတွင် လိုအပ်သည့်အရာကို ဖြည့်ဆည်းပေး၍ ပိုနေသည့်နေရာမှ ပိုနေသည့်အရာကို လျှော့ပစ်ခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့ဖြတ်သန်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်သည့်အစိုးရခေတ်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်၏ မူအရ လူတိုင်းလူတိုင်းသည် အခွင့်အရေးမျှတစွာ ရရှိရမည်ဆိုသည့်အတွက် ခွဲတမ်းစနစ်ကို ကျင့်သုံးပါသည်။

ထို့ကြောင့် လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ အိမ်ထောင်စုတစ်စုလျှင် သမဝါယမအသင်းက ခွဲဝေပေးသည့်ပစ္စည်းကို ခွဲဝေပေးသည့် အရေအတွက်အတိုင်း လက်ခံရယူရပါသည်။ ထို့နောက် လူအချို့သည် မိမိတို့မလိုချင်သော ဆေးဝါးနှင့်အိမ်သုံးပစ္စည်းတို့ကို သမဝါယမထုတ်ဈေးထက် ပိုသောဈေးဖြင့် လိုအပ်သူများထံ ပြန်လည်ရောင်းချကြပါသည်။ ပစ္စည်းလိုအပ်သော သူကလည်း မိမိတို့လိုအပ်သောပစ္စည်းကို ထိုကဲ့သို့အမြတ်တင်၍ ပြန်လည်ရောင်းချသူများထံမှ ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲရပါသည်။

ထို့အတူပင် ပြည်နယ်နှင့်တိုင်းအလိုက် ပစ္စည်းများခွဲဝေပေးရာတွင်လည်း ဒေသအလိုက် လိုအပ်ချက်ကို တွက်ချက်ချင်းမပြုဘဲ ခွဲတမ်းအရပေးပို့ခဲ့သဖြင့် ပူအိုက်သောရာသီဥတုရှိသည့် အထက်အညာဒေသများတွင် အနွေးထည်နှင့်ဂွမ်းစောင်များ ပိုလျှံနေပြီး ချမ်းအေးသော ရာသီဥတုရှိသည့် တောင်ပေါ်ဒေသများတွင် စွပ်ကျယ်လက်ပြတ်ခဲ့သို့သော ပစ္စည်းများပိုလျှံနေသည်မျိုး ကြုံတွေ့ခဲ့ရသည်ကို ဖြတ်သန်းခဲ့ဖူးသူတိုင်း သိရှိကြပါသည်။ သို့ရာတွင် စီးပွားရေးစီမံခန့်ခွဲသူတို့သည် အဆိုပါအခြေအနေမျိုးကို လျစ်လျူရှုခဲ့ကြပြီး လိုတိုးပိုလျှော့မလုပ်ခဲ့ကြသဖြင့် နိုင်ငံ၏စီးပွားရေးမှာ ကမောက်ကမ အဖြစ်မျိုး ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါသည်။

နိုင်ငံတိုင်း၌ နည်းလမ်းအမျိုးမျိုးဖြင့် အစိုးရအပြောင်းအလဲများ ဖြစ်ပေါ်ကြရာတွင် နောက်တက်လာသည့် အစိုးရသည် ယခင်အစိုးရ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့်စပ်လျဉ်းသည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး စသည်တို့ကို ပြန်လည်သုံးသပ်ကြ စမြဲပင်ဖြစ်သည်။ ထို့နောက် ပြင်ဆင်သင့်သည်တို့ကို ပြန်လည်ပြင်ဆင်၊ ပိုတာတွေကို ပြန်လျှော့၊ လိုသည်တို့ကို ဖြည့်ဆည်းကြရစမြဲပင်ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူတို့၏ အများစုဆန္ဒမဲဖြင့် တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော အစိုးရက ပထမဦးစွာ ပြုပြင်ပြောင်းလဲခဲ့သည်မှာ အုပ်ချုပ်ရေးကဏ္ဍဖြစ်သည့် အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံပင်ဖြစ်ပါသည်။ ယခင်က ဝန်ကြီးဌာန ၃၀ ကျော်ရှိခဲ့သော အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၂၀ ကျော်မျှဖြင့် ကျစ်လျစ်သိပ်သည်းစွာ ပြန်လည်ဖွဲ့စည်းခဲ့သည်။ သာမန်အားဖြင့်ကြည့်လျှင် ဝန်ကြီးဌာန အရေအတွက်လျော့သွားသလို ဝန်ကြီးအရေအတွက်မှာလည်း လျော့နည်းသွားသည်ဖြစ်၍ အသုံးစရိတ်များ လျော့ကျသွားသည်ဟု ထင်မြင်ယူဆဖွယ်ဖြစ်ပါသည်။

သို့ရာတွင် ဖျက်သိမ်းလိုက်သောဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနအရေအတွက်မှာ လျော့ကျမသွားဘဲ လုပ်ငန်းသဘာဝချင်းနီးစပ်သည့် အခြားဝန်ကြီးဌာတစ်ခုခု၏ အောက်တွင် သွားရောက်ပူးပေါင်းလိုက်ကြခြင်းသာဖြစ်ပါသည်။ ထိုအခါတွင် ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေနှင့် ကြီးကြပ်ကွပ်ကဲရမည့် ဦးစီးဌာနများ များပြားလာပြီး လုပ်ငန်းများ မနိုင်မနင်းဖြစ်ကြခြင်းကို အစိုးရ၏ပထမတစ်နှစ်တာ ကာလအတွင်း တွေ့မြင်သိရှိရပါသည်။ ထိုစဉ်က ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေနှင့် ဝန်ကြီးဌာန လက်အောက်ရှိ မူလရှိရင်းစွဲဦးစီးဌာနများ၏ လုပ်ငန်းသဘာဝများကို လေ့လာနေရခြင်း၊ ယင်းဌာနများက ကိုင်တွယ်ကျင့်သုံးသော ဥပဒေ၊ နည်းဥပဒေများကို ရင်းနှီးကျွမ်းဝင်အောင် လေ့လာနေရခြင်းနှင့် ဝန်ထမ်းအကြီးအကဲများ၏ စိတ်ဓာတ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်နိုင်မှုကိုလည်း လေ့လာနေရသည်ဖြစ်ရာ အသစ်ပေါင်းစပ်ဝင်ရောက်လာသည့် ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုအပိုင်းကို ထိရောက်စွာ ကြီးကြပ်ကွပ်ကဲရန် အားနည်းသည်မှာ အမှန်ပင်ဖြစ်ပါသည်။

ထိုစဉ်ကာလက နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးတို့ကို လေ့လာသုံးသပ်ဝေဖန်သူများက အစိုးရကို အားမလိုအားမရဖြစ်ကြသည်မှာ ယင်းအချက်ကြောင့်ပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက ချမှတ်သော မူဝါဒများကို ပြည်ထောင်စုဝန်ကြီးတစ်ဦးက မည်မျှပင်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လိုသည်ဖြစ်စေ လက်အောက်ခံဝန်ထမ်းအဖွဲ့ အစည်းများက တက်ကြွစွာ လိုက်ပါဆောင်ရွင်ခြင်းမပြုနိုင်ပါက စီမံကိန်းများမှာ မည်သို့မျှ အောင်မြင်စရာအကြောင်း မရှိနိုင်ပါ။ ဤသို့ဖြစ်ရသည့် အကြောင်းနှင့်ပတ်သက်၍ နိုင်ငံအကြီးအကဲများက အချို့သောဝန်ထမ်းများသည် ပညာပြနေကြသည် စသည်ဖြင့် ပြောဆိုသုံးသပ်မှုများရှိပါသည်။

ကျွန်တော့်အနေနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းစွာ ဝေဖန်သုံးသပ်ရလျှင် ဤသို့ဖြစ်ရသည်မှာ နိုင်ငံတော်အကြီးအကဲများအပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များတွင်လည်း တာဝန်မကင်းဟူ၍ ဆိုချင်ပါသည်။ နိုင်ငံအကြီးအကဲများအနေနှင့် သော်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် သော်လည်းကောင်း ဝန်ကြီးဌာနများကို ပြင်ဆင် (လျှော့ချ) သတ်မှတ်ပြီးနောက် မိမိဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၏ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်ကို လေ့လာအကဲခတ်ရမည်ဖြစ်သကဲ့သို့ ယင်းဦးစီးဌာနများ၏ ဖွဲ့စည်းပုံများကိုလည်း လေ့လာရမည်ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဦးစီးဌာနများတွင် အရည်အချင်းရှိပြီး စွမ်းဆောင်ရည်ပြည့်ဝသူများရှိသကဲ့သို့ ဌာနနှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုမရှိဘဲ လူမှန်နေရာမှန် မဖြစ်သူများလည်းရှိကြရာ ယင်းတို့ကို လူမှန်နေရာမှန်ဖြစ်အောင် ဦးစွာပထမ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဤသို့ဖြစ်ရသည်မှာ တစ်ချိန်က လူမှန်နေရာမှန် မဟုတ်ဘဲ သူ့တပည့်၊ ငါ့တပည့် စသည်ဖြင့် နေရာပေးကာ ခေါ်ယူခန့်ထားခဲ့သည်များ ရှိခဲ့၍ဖြစ်သည်။

ဆက်လက်၍တင်ပြလိုသည်မှာ ဤဆောင်းပါး၏ခေါင်းစဉ်တွင် ဖော်ပြပါရှိသည့် လိုတိုးပိုလျှော့ပြဿနာပင် ဖြစ်ပါသည်။ ဦးစီးဌာနများ၏ အကြီးအကဲများ၊ အရာရှိကြီးများ၏ လူမှန်နေရာမှန်ရှိမှုကို စိစစ်သုံးသပ်ပြီးနောက် ဆက်လက်ဆောင်ရွက်သင့်သည်မှာ ဦးစီးဌာနဖွဲ့စည်းပုံများကို လေ့လာသုံးသပ်ရန်ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောဌာနများတွင် အမှန်တကယ် လုပ်ငန်းတာဝန်ထမ်းဆောင်ရာ၌ ကျွမ်းကျင်သောဝန်ထမ်း မပြည့်စုံမှု၊ ဝန်ထမ်းအင်အားနည်းပါးမှုများကို တွေ့ရှိရသော်လည်း၊ အချို့သော ဌာနများတွင်များတွင်မူ ဝန်ထမ်းအင်အားမှာ လုပ်ငန်းသဘာဝအရ အမှန်တကယ်လိုအပ်သည်ထက် ပိုမိုများပြားစွာခန့်ထားခဲ့ကြသည့်အတွက် ဖြစ်ပါသည်။

ဤသို့ဖြစ်ရသည်မှာ (ယခင်အစိုးရများအကြောင်း မပြောလိုသော်လည်း မပြောမဖြစ်၍ ပြောရပါမည်) မြန်မာနိုင်ငံတွင် အစိုးရအပြောင်းအလဲဖြစ်တိုင်း လက်ရှိတာဝန်ယူထားသည့် အစိုးရသည် နောင်တက်လာမည့် အစိုးရကို အရှိကိုအရှိအတိုင်း၊ အကောင်းကိုအကောင်းအတိုင်း လွှဲပြောင်းပေးလိုသည့် စိတ်ဆန္ဒနည်းပါးသည်ကို တွေ့ရပါသည်။ မိမိတို့အာဏာ လက်ရှိဖြစ်နေသည့်ကာလ၊ လုပ်ပိုင်ခွင့်ရှိနေသည့် ကာလအတွင်း မိမိတို့၏လုပ်ပိုင် ခွင့်ဘောင်အတွင်းမှနေ၍ နိုင်ငံပိုင်မြေကွက်များ၊ အဆောက်အအုံများကို မိမိနှင့်နီးစပ်သူများအား အလွန်သက်သာသော ဈေးနှုန်းများဖြင့် ငှားရမ်း/ ရောင်းချပေးခြင်း၊ လေလံခေါ်သည်။ တင်ဒါခေါ်သည်ဆိုသော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် မိမိပေးစေလိုသူကိုသာ ရစေခြင်း စသည်တို့အပြင် ဘဏ္ဍာငွေကြေးကိုပါ နောင်တက်လာသော အစိုးရအတွက် အကျပ်အတည်း/ အခက်အခဲဖြစ်အောင် လုပ်ဆောင်ခဲ့လေ့ရှိကြသည်ကို တွေ့မြင်ကြားသိခဲ့ရပါသည်။

ထိုကဲ့သို့ လုပ်ပိုင်ခွင့်မရှိကြသော ပုဂ္ဂိုလ်များအနေနှင့်လည်း အခြားသောနည်းလမ်းများဖြင့် မိမိအကျိုးရှိပြီး နောက်လူအကျိုးမဲ့စေသည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့ကြသည်။ ဤသည်မှာအခြားမဟုတ်ပါ။ မိမိဌာနအနေနှင့် လုပ်ငန်းတာဝန်များကို နိုင်နင်းစွာထမ်းဆောင်နိုင်ပါလျက် လုပ်ငန်းအောင်မြင် အဆင်ပြေစေရန်အတွက်ဟုဆိုကာ ဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံ ကို အဆမတန် တိုးချဲ့ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ဌာနတစ်ခုကို ဖွဲ့စည်းပုံ တိုးချဲ့ဖွဲ့စည်းသည်ဆိုရာတွင် အောက်ခြေဝန်ထမ်းအင်အားကို တိုးချဲ့ဖွဲ့စည်းရသည့်အလျောက် ၎င်းဝန်ထမ်းအင်အားနှင့် လိုက်လျောညီထွေဖြစ်စေမည့် အထက်အရာရှိအဆင့်ဆင့်၏ ရာထူးများကိုပါ တိုးမြှင့်ပြင်ဆင်ရသည့်ဖြစ်ရာ တစ်ချိန်က ဦးစီးအရာရှိအဆင့်မျှလောက်ဖြင့် အုပ်ချုပ်သည့်ရုံးကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့ လည်းကောင်း၊ ယခင်က လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ဖြင့် အုပ်ချုပ်သည့်ရုံးကို ယခု ဒုတိယညွှန်ကြားရေးမှူးမှသည် ညွှန်ကြားရေးမှူးအဆင့်သို့လည်းကောင်း တိုးမြှင့်၍ ရာထူးများသတ်မှတ်ခဲ့သည့်ဌာနများလည်း ရှိကြသည်။

ထိုကဲ့သို့ ရာထူးအဆင့်များ တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း အဆိုပါ ရာထူးအဆင့်များသို့ ရာထူးတိုးမြှင့် ခန့်ထားပေးရာတွင် လက်ရှိဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများထဲမှ လုပ်ရည်ကိုင်ရည်နှင့် ပညာအရည်အချင်းရှိသူ၊ လုပ်သက်နှင့်အတွေ့အကြုံရှိသူများကို ဦးစားပေးခန့်ထားခြင်းမပြုဘဲ အခြားဌာနအဖွဲ့အစည်းများမှ မိမိတပည့်သားမြေးဖြစ်ခဲ့ဖူးသူ၊ မိမိနှင့်အကြောင်းအပေါင်း သင့်သူများကိုသာ ဦးစားပေး၍ ခေါ်ယူခန့်ထားခြင်းများ ပြုခဲ့ကြပါသည်။

ထိုကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ခြင်းများကြောင့် လက်ရှိအစိုးရအနေနှင့် အခက်အခဲနှင့်အကျပ်အတည်းများ ကြုံတွေ့ရသည်ကား အမှန်ပင်ဖြစ်ပါသည်။ ပထမဦးစွာ ကြုံတွေ့ရသည့် ပြဿနာမှာ မြောက်မြားလှစွာသော ဝန်ထမ်းအင်အားစုကြီးအတွက် လစာနှင့်စရိတ်များ လစဉ်ကျခံနေရသောကြောင့် ဖြစ်ပေါ်နေသည့် ဘဏ္ဍာငွေကြေး အကျပ်အတည်းပင်ဖြစ်ပါသည်။ ဒုတိယပြဿနာမှာ ထိုကဲ့သို့ ဝန်ထမ်းများ ဖောင်းကြွနေသည့်အတွက် အမှန်တကယ် ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ပြဿနာပင်ဖြစ်ပါသည်။

အစိုးရအနေနှင့် မြောက်မြားစွာသော ငွေကြေးများ ကျခံသုံးစွဲနေရသော်လည်း ယနေ့မြန်မာနိုင်ငံမှ ဝန်ထမ်းများရရှိနေသည့် လစာမှာ (ပညာရေးနှင့် ကျန်းမာရေးစရိတ်မပါ) မိသားစုတစ်စု ကောင်းစွာစားသောက်နိုင်သည့် အခြေအနေပင် မရှိပါ။ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်သောဝန်ထမ်း ရရှိရန်နှင့် ဝန်ထမ်းဘဝ သာယာလှပရေးအတွက်ဆိုပါလျှင် ဝန်ကြီးဌာန/ ဦးစီးဌာနအလိုက် ကျစ်လျစ်သောဖွဲ့စည်းပုံတစ်ရပ်ကို ပြန်လည်ရေးဆွဲစေ၍ အရည်အချင်းပြည့်မီသော ဝန်ထမ်းများနှင့် အစိုးရယန္တရားကို လည်ပတ်စေပြီး ဝန်ထမ်းများကိုလည်း ကျွမ်းကျင်မှုအလိုက်/ပညာအရည်အချင်းအလိုက် လစာ၊ စရိတ်နှင့်ချီးမြှင့်ငွေများ ပို၍တိုးမြှင့်ပေးနိုင်မည်ဆိုလျှင် နိုင်ငံတော်အနေနှင့် ယခုထက်များစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

ဝန်ထမ်းဖွဲ့စည်းပုံကို ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်းရမည်ဆို၍ ဌာနအချို့တွင် လက်ရှိအရေအတွက် များပြားနေသော ဝန်ထမ်းများကို အငြိမ်းစားပေးရန် ဆိုလိုခြင်းမဟုတ်ပါ။ အချို့သောဌာနများတွင် ဝန်ထမ်းအင်အား မလုံလောက်သောကြောင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမရှိကြောင်း ပြောဆိုနေကြသည်ကို ကြားသိနေရပါသည်။ ထို့ကြောင့် ပိုလျှံနေသော ဌာနများမှ ဝန်ထမ်းများကို လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများပေး၍ လိုအပ်သောဌာနများကို ဖြည့်ဆည်းပေးခြင်းနှင့် လစ်လပ်သွားသော ရာထူးနေရာများတွင် ဝန်ထမ်းအသစ်များ ထပ်မံမခန့်ထားခြင်းဖြင့် တစ်စတစ်စနှင့် ဝန်ထမ်းဖောင်းပွခြင်းမှ ကင်းဝေးသွားမည် ဖြစ်ပါသည်။

ဤသို့ဆိုသဖြင့် အချို့က နိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းသွားမည်ဟု ပြောကြပါလိမ့်မည်။ အမှန်တကယ်တော့ ပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အစိုးရတစ်ခုတည်းက တာဝန်ယူရမည် မဟုတ်ပါ။ ပုဂ္ဂလိကအဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး အစိုးရကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးရပါမည်။ ပုဂ္ဂလိကလုပ်ငန်းများအနေနှင့် မိမိကုမ္ပဏီတွင် သတ်မှတ်ကာလတစ်ခု တာဝန်ထမ်းဆောင်နေသူများကို အိမ်လခပံ့ပိုးခြင်းအပါအဝင် နေထိုင်ရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးသင့်သလို၊ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက်လည်း အလုပ်မှအနားယူသည့်အခါ အဆင်ပြေစေရေး ဆောင်ရွက်ပေးမည်ဆိုပါက ယခုလို အစိုးရအလုပ်ကို ဝင်ရောက်တိုးခွေ့နေသည့်အဖြစ်မှ ကင်းဝေးမည်ဖြစ်ပါသည်။ ကျွန်တော်တို့ခေတ်တွင်တော့ အစိုးရအလုပ်မှတစ်ပါး အခြားအလုပ်-လုပ်စရာမရှိသည့်အတွက် အစိုးရအလုပ်ကိုသာ အလုအယက် လျှောက်ထားခဲ့ကြခြင်းဖြစ်ပါသည်။

အချုပ်ဆိုရသော် အစိုးရသက်တမ်း တစ်ဝက်ကျော်သည်အထိ ဝန်ကြီးဌာနအလိုက် ဝန်ထမ်းဖွဲ့စည်းပုံများကို ပြန်လည်စိစစ်၍ လိုတိုးပိုလျှော့ မလုပ်ရသေးသည်ဖြစ်ရာ ယခုမှစတင်၍ လုပ်ဆောင်မည်ဆိုပါက အချိန်တွေ ကျော်လွန်လာခဲ့ပြီလား သို့မဟုတ် ကျန်ရှိသည့်အစိုးရသက်တမ်းကို မီနိုင်မည်လား မမီနိုင်မည်လား ဆိုသည်ကတော့ ကျွန်တော်လည်း မပြောတတ်ပါခင်ဗျား ...။

သိန်းထက်အောင်



FOLLOW US