News

POST TAGGED AS

သိန်းထွန်း (IR)

ပြည်သူ့အကျိုးပြု ဥပဒေစိုးမိုးမှု
ဥပဒေစိုးမိုးရေးတဲ့လား

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးနေခြင်းဟာ တရားဥပဒေ စိုးမိုးမှုအတွက်ဖြစ်ပြီး ဥပဒေနှင့်မညီသော လုပ်ငန်းများဟာ အန္တရာယ်များ တွေ့ကြုံရနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဒေါက်တာဝင်းမြတ်အေးက ဇွန်လ ၂၅ ရက်နေ့က ပြောကြားခဲ့တာကို ဖတ်ရပါတယ်။

လတ်တလောမှာ လိုင်စင်မဲ့ယာဉ်များနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ကြားနေရပါတယ်။ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူတော့မှာဖြစ်တယ်လို့ ကြေညာချက်တွေ ထုတ်ထားတယ်လို့လည်း သိရပါတယ်။ ဒေါက်တာဝင်းမြတ်အေးကတော့ တရားဥပဒေ စိုးမိုးမှုအတွက်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ဥပဒေအရ အုပ်ချုပ်တဲ့စနစ် တစ်ခုဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့သဘောနဲ့ အုပ်ချုပ်ခြင်းမဟုတ် ပါဘူး။ တစ်နည်းအားဖြင့် ဆန္ဒနဲ့အုပ်ချုပ်ခြင်းမဟုတ်ပါဘူး။ ပြဋ္ဌာန်းဥပဒေ များနဲ့အညီ ကျင့်သုံးလိုက်နာရပါတယ်။ ဥပဒေချိုးဖောက်သူတွေကို တည်ဆဲ ဥပဒေအတိုင်း အပြစ်ပေး အရေးယူရမှာဖြစ်သလို ဥပဒေလိုက်နာသူများရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒါဆိုရင် လက်ရှိ ဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုဟာ မျှတမှုရှိပြီလား၊ ရေရှည်ခိုင်မာတဲ့ ဥပဒေစိုးမိုးရေးအတွက် အထောက်အကူ ဖြစ်ပြီလားဆိုတာ ဆန်းစစ်ဖို့လိုအပ်ပါလိမ့်မယ်။

ဥပဒေစိုးမိုးမှု အကောင်အထည်ဖော်ခြင်း

ဥပဒေစိုးမိုးရေး (Rule of Law) ဆိုတဲ့စကားကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ပြောဆိုလာတာ ဆယ်စုနှစ်တစ်ခု မပြည့်သေးပါဘူး။ ဥပဒေစိုးမိုးရေးဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို တည်ဆောက်ဆဲနိုင်ငံအတွက် ပိုလို့အရေးကြီးပါတယ်။ ဥပဒေစိုးမိုးမှုရှိမှသာ ပြည်သူများအတွက် တရားမျှတမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ဥပဒေမဲ့ မတရားမှုများကိုလည်း အရေးယူနိုင်မှာဖြစ်ပါတယ်။ The rule of law is the principle that no one is exempt from the law, even those who are in a position of power. လို့ ဆိုပါတယ်။ ဥပဒေမဲ့ လုပ်ရင်ချင်ရာ မလုပ်နိုင်ဖို့အတွက် ဥပဒေပြုသူတွေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးတဲ့သူတွေ၊ တရားစီရင်ရေး အဖွဲ့အစည်းတွေ အပါအဝင် အားလုံးဟာ တည်ဆဲဥပဒေကို တစ်ပြေးညီ လိုက်နာကြရပါမယ်။ ခြွင်းချက်မရှိပါဘူး။ ရာထူး အဆင့်အတန်း မခွဲပါဘူး။ လူတန်းစား မခွဲပါဘူး။ အားလုံးဟာ ဥပဒေရှေ့မှောက်မှာ တန်းတူဖြစ်ရပါမယ်။ ဒါမှလည်း ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် Good Governance ဖြစ်ပါလိမ့်မယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်မှသာ Instutations များ ခိုင်မာလာပါလိမ့်မယ်။

ဥပဒေစိုးမိုးရေးမှာ ဘယ်အချိန် ဥပဒေစိုးမိုးမှု ရှိရမလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ဥပဒေစိုးမိုးရေး ဖြစ်ဖို့ရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေစိုးမိုးရေးလား၊ အချိန်တိုင်းအတွက် ဥပဒေစိုးမိုးရေးလား။ ဥပဒေစိုးမိုးရေးမှာ မျှတစွာ ကျင့်သုံးဖို့၊ မျှတစွာ လိုက်နာစေဖို့အတွက်လည်း တာဝန်ရှိပါတယ်။ ဒါမှသာလည်း ဥပဒေကို လိုက်နာသူများအတွက် တရားမျှတမှု ရှိပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ အထက်အမိန့်ရမှ ဥပဒေစိုးမိုးရေး လုပ်ဆောင်ပြီး ကျန်တဲ့အချိန်မှာ ဥပဒေချိုးဖောက်မှုတွေကို မျက်ကွယ်ပြုထားခြင်းဟာ တရားမျှတမှု ရှိ မရှိ ပြန်လည် သုံးသပ်သင့်ပါတယ်။ ဥပဒေဆိုတာ ဥပဒေပြုသူများအတွက်၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသူများအတွက်၊ ဥပဒေစိုးမိုးရေး လုပ်ဆောင်သူများ၊ အာဏာရှိသူများအတွက် လက်ကိုင်တုတ် မဟုတ်ပါဘူး။ ဥပဒေဟာ နိုင်ငံရေး နယ်ရုပ် မဟုတ်ပါဘူး။ ပြည်သူအကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းစဉ်ကတည်းက ဥပဒေကောင်းတစ်ရပ်ရဲ့ အင်္ဂါရပ်နဲ့ညီပြီး နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို ရည်ရွယ်ပြဋ္ဌာန်းကြရတာပါ။ ပြည်သူကို ဖိနှိပ်ဖို့၊ ဥပဒေချိုးဖောက်သူတွေကို ကာကွယ်ဖို့မဟုတ်ပါဘူး။ ဒီလိုပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုလည်း အမြဲတစေ ထိထိရောက်ရောက် ကျင့်သုံးဖို့လိုသလို၊ လိုက်နာဖို့လည်း လိုအပ်ပါလိမ့်မယ်။

တရားဥပဒေစိုးမိုးဖို့၊ ဥပဒေတစ်ရပ် ထိရောက်ဖို့၊ အမြဲတစေ လိုက်နာစေဖို့ ဥပဒေကို ကိုင်တွယ်ကျင့်သုံးရသူတွေ ကိုယ်တိုင်က ဥပဒေနဲ့ညီဖို့ လိုပါလိမ့်မယ်။ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဥပဒေစိုးမိုးမှု ရှိနေပြီလားဆိုတာ ဆန်းစစ်ကြည့်ရင် တရားဥပဒေစိုးမိုးမှု အလွန်ပဲ အားနည်းနေသေးတယ်လို့ သုံးသပ်ရမှာပါ။ World Justice Project  ရဲ့ ၂၀၁၇ - ၂၀၁၈ Rule of Law Index အရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှာ အဆင့် ၁၀၀ မှာ ရှိနေပါတယ်။ ဒေသတွင်း ၁၅ နိုင်ငံမှာ အဆင့် ၁၄ မှာရှိနေပါတယ်။ ၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှာ အဆင့် ၉၈ ရှိခဲ့တာ တွေ့ရပါတယ်။ တရားဥပဒေ စိုးမိုးရေးတိုင်းတာတဲ့ အချက်များကို အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှု အခြေအနေကို သုံးသပ်နိုင်ဖို့ တင်ပြခြင်းဖြစ်ပါတယ်။

မျှတသော တရားဥပဒေ စိုးမိုးရေး

လိုက်နာရန်ခက်ခဲတဲ့ ဥပဒေတွေကြောင့်လည်း ဥပဒေစိုးမိုးမှုကို အားနည်းစေပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ အကျင့်ပျက် ခြစားမှုကို ဖြစ်စေပါတယ်။ လာဘ်ပေး လာဘ်ယူမှု ဖြစ်စေပါတယ်။ တရားမျှတမှု လျော့နည်းစေပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းစေပါတယ်။ တရားဥပဒေစိုးမိုးဖို့ဆိုရင် ဥပဒေပိုင်းဆိုင်ရာ ပြန်လည်စိစစ်ဖို့ လိုအပ်သလို ဥပဒေကိုင်တွယ်ကျင့်သုံးမှုကိုလည်း ပြန်လည်စိစစ်ရမှာ ဖြစ်ပါတယ်။

ယခုဖြစ်စဉ်ဖြစ်တဲ့ လိုင်စဉ်မဲ့ယာဉ်များ အသုံးပြုနေမှုမှာလည်း အခြေခံ အကြောင်းရင်းကို ရှာဖွေဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အခြေခံ အကြောင်းရင်းကို မဖြေရှင်းပါဘဲ ပြည်တွင်းကို ရောက်ရှိနေတဲ့ လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးရုံ၊ အရေးယူရုံနဲ့ တရားဥပဒေစိုးမိုးရေး အမှန်တကယ် ရှိလာနိုင်မလားဆိုတာ စဉ်းစားစရာပါ။ မှန်ကန်တဲ့ပြဿနာဖြေရှင်းနည်း ဖြစ်ဖို့ လိုပါလိမ့်မယ်။ ယခင်ကတော့ မဖမ်းဘဲ လွှတ်ပေးထားတယ် ယခုမှ ဖမ်းမယ်ဆိုတာ တရားဥပဒေ စိုးမိုးရေးအတွက် ဟုတ်နိုင်ပါ့မလားလို့လည်း တွေးမိပါတယ်။ ပရဟိတ လုပ်နေတဲ့ လိုင်စင်မဲ့ယာဉ်များဟာလည်း ဘာကြောင့် ပေါ်ပေါက်လာရသလဲ၊ ဘာကြောင့် လိုင်စင်မဲ့ယာဉ်တွေ အသုံးပြုနေရသလဲဆိုတာလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒီပရဟိတအသင်းတွေမရှိရင် ဘာဖြစ်မလဲ။ အဖြေကတော့ အောက်ခြေလူတန်းစားပဲ အရင်းဆုံး ထိခိုက်မှာပါ။

ရပ်ကွက်အတွင်း၊ မြို့အတွင်း၊ တိုင်းနဲ့ ပြည်နယ်အတွင်း ဥပဒေမဲ့ လုပ်ရပ်တွေရှိနေတာ ပြည်သူများသာမကပါဘူး ဥပဒေထိန်းသိမ်းရေးအဖွဲ့များလည်း သိကြပါတယ်။ ဥပမာ - နှစ်လုံး သုံးလုံးလောင်းတဲ့သူတွေ၊ ဘောလုံး လောင်းကစားဒိုင်တွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊ မှောင်ခိုပစ္စည်းသယ်ယူမှုတွေ၊ သစ်မှောင်ခိုလုပ်ငန်းတွေစတဲ့ ဥပဒေမဲ့လုပ်ရပ်တွေဟာ ဘာကြောင့် ရှင်သန်နေနိုင်တာလဲ။ အမှန်တကယ် မသိတာလား။ အမိန့်မရလို့ မဖမ်းတာလား။ အဂတိ လိုက်စားနေကြတာလား။ ထိန်းသိမ်းရမယ့်ဥပဒေ မရှိတာလား။ တာဝန်ရှိသူများရော အမှန်တကယ် မသိတာလား။ မဖမ်းချင်သေးလို့ လွှတ်ပေးထားတာလားစတဲ့ ဘက်ပေါင်းစုံက စဉ်းစားရမယ့် အချက်ပေါင်း များစွာ ရှိနေပါတယ်။ ဥပဒေစိုးမိုးတယ်ဆိုရာမှာ တစ်နေရာတည်း ကဏ္ဍတစ်ခုတည်းမှာပဲ ကွက်ပြီးစိုးမိုးလို့ မရနိုင်ပါဘူး။ ဒါဆိုရင် တရားမျှတမှုမရှိတဲ့ တရားဥပဒေ စိုးမိုးရေးပဲ ဖြစ်ပါလိမ့်မယ်။

မဏ္ဍိုင်များ ခိုင်မာအားကောင်းရေး

မျှတတဲ့ တရားဥပဒေ စိုးမိုးမှုရှိဖို့ဆိုရင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်စတဲ့ နိုင်ငံတော်ရဲ့မဏ္ဍိုင် ၃ ရပ်အပြင် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာကဏ္ဍလည်း ခိုင်မာအားကောင်းနေဖို့ လိုပါတယ်။ ဒီမဏ္ဍိုင်များအကြား အာဏာခွဲဝေ ကျင့်သုံးမှု၊ အပြန်အလှန် ထိန်းကျောင်းမှု စတဲ့စနစ်များလည်း ဥပဒေနဲ့အညီ ကျင့်သုံးကြဖို့ လိုပါလိမ့်မယ်။ ဒီမဏ္ဍိုင်တွေ ခိုင်မာအားကောင်းနေမယ်ဆိုရင် ဥပဒေစိုးမိုးမှုလည်း ကျွဲကူးရေပါ ဖြစ်လာပါလိမ့်မယ်။ မဏ္ဍိုင်မျာအကြား အပြန်အလှန်ထိန်း ကျောင်းမှု အားနည်းနေဦးမယ်၊ ကြိုးနီစနစ် ဆက်လက်ရှိနေဦးမယ်ဆိုရင် အဂတိလိုက်စားမှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေ ရှိနေဦးမှာသေချာပါတယ်။ တရားဥပဒေစိုးမိုးမှု အားနည်းတာနဲ့အတူ ပြည်သူများ ခံစားရမယ့် အခွင့်အရေးများလည်း ပျောက်ဆုံးနေပါလိမ့်ဦးမယ်။ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့ ပြည်သူများရဲ့ ကဏ္ဍဟာလည်း ပျောက်ဆုံးနေပါလိမ့်မယ်။ ဒါကြောင့် မဏ္ဍိုင်များ ခိုင်မာအားကောင်းခိုင်မာရေးဟာ ဦးစားပေး လုပ်ငန်းတစ်ရပ်လို့ မြင်မိပါတယ်။

လက်ကိုင်တုတ်လား

တရားဥပဒေစိုးမိုးရေးဆိုတာ အုပ်ချုပ်သူများနဲ့ သက်ဆိုင်သလို အုပ်ချုပ်ခံများအတွက်လည်း သက်ဆိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို အုပ်ချုပ်သူ လူတန်းစားကသာ အပိုင်စီးထားပြီး လက်ကိုင်တုတ်အနေနဲ့ လိုသလို အသုံးပြုနေမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးရဲ့ ရည်ရွယ်ချက်၊ တရားဥပဒေစိုးမိုးရေးရဲ့ အနှစ်သာရကို ထိခိုက်စေပါလိမ့်မယ်။ အုပ်ချုပ်ရေးရဲ့ တရားဥပဒေစိုးမိုးရေးဟာ မေးခွန်းထုတ်စရာများ များစွာရှိနေပါတယ်။ ဌာနဆိုင်ရာများနဲ့ ဆက်ဆံဖူးသူတိုင်း သိနိုင်ပါတယ်။ ဥပဒေနဲ့မညီတာတွေ၊ အဂတိတရား ရှိနေတာတွေဟာ တရားဥပဒေစိုးမိုးရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။ ပြဿနာတစ်ရပ်ကို လတ်တလော အပေါ်ယံ ဖြေရှင်းတာထက် ပြဿနာရဲ့ဇာစ်မြစ်ကို အဖြေရှာ မဖြေရှင်းနိုင်သမျှ တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်မှုဟာလည်း ခက်ခဲနေပါလိမ့်ဦးမယ်။

တရားဥပဒေစိုးမိုးရေးကို ပြည်သူအတွက် ဦးတည်မယ်ဆိုရင်တော့ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွန်ကြားချက်တွေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးနေရသူတွေ၊ တရားစီရင်ရေးစနစ်တွေ၊ ဗျူရိုကရေစီ ယန္တရားတွေကို ပြန်လည် သုံးသပ်ပြောင်းလဲပေးဖို့ အကြံပြုလိုပါတယ်။ အထက်ရဲ့အမိန့်ရမှ ဆောင်ရွက်တာ၊ အပေါ်ယံအဖြစ်သာ လုပ်ဆောင်တာတွေ မရှိသင့်တော့ပါဘူး။ ပြည်သူ့အခွင့်အရေးကို ကာကွယ်ပေးသူ၊ ပြည်သူ့အကျိုးကို ဖော်ဆောင်သူများ ဖြစ်ကြပါစေကြောင်း မျှော်လင့်မိပါတယ်။

သိန်းထွန်း (IR)



FOLLOW US