News

POST TAGGED AS

သိန်းထွန်း (IR)

တရားဥပဒေ မစိုးမိုးမှု၊ အဂတိလိုက်စားမှုများအကြားက Without ကားပြဿနာ
လူထုအကြားမှာ ယခုရက်ပိုင်း လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့သတင်းက လိုင်စင်မဲ့ယာဉ် (Without) များ စစ်ဆေးဖမ်းဆီးနေတဲ့ကိစ္စပဲဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ လိုင်စင်မဲ့ယာဉ်တွေကို တာဝန်ရှိတဲ့သူတွေက စစ်ဆေးဖမ်းဆီးတာ ဘာထူးဆန်းလို့လဲ၊ ဒီလိုလုပ်တာက လူထုအပေါ် ဘယ်လိုသက်ရောက်မှုရှိလို့လဲလို့တော့ ထင်ကောင်းထင်မိကြမှာပါပဲ။ ဒါနဲ့ပတ်သက်လို့ ယခင်လပိုင်းကစပြီး နိုင်ငံပိုင် သတင်းစာတွေမှာ မှတ်ပုံတင်မဲ့ယာဉ်တွေ ဖမ်းဆီးရမိမှု သတင်းတွေ ဖော်ပြခဲ့တာကိုလည်း ဖတ်မိခဲ့ပါသေးတယ်။ ဒါ့အပြင် ယခုရက်ပိုင်းတွေမှာလည်း ဖမ်းဆီးဖို့ စစ်ဆေးလာနေ ဆိုတဲ့သတင်းတွေ ပေါ်ထွက်လာနေခဲ့တာပါ။ ဒီအပေါ် ဒါနဲ့ပတ်သက်လို့ လူထုအကြားကို ဘယ်လိုရိုက်ခတ်နေသလဲ ဆိုတဲ့အပေါ် ဒီဆောင်းပါးထဲမှာ ကျွန်တော်တို့ ဆွေးနွေးသုံးသပ်သွားကြရအောင်ပါ။

သမိုင်းကြောင်းကိုပြန်ကြည့် 

အမှန်တကယ်ဆိုရင် ဒီမှတ်ပုံမတင်ထားတဲ့ ယာဉ်တွေဆိုတာ ကျွန်တော်တို့နိုင်ငံအတွင်း နယ်စပ်မြို့တွေ အပါအဝင် မြို့ကြီးတွေအထိပါ ပုံစံအမျိုးမျိုးလုပ်ပြီး စီးနင်းလာကြတာ ၁၉၈၈ ခုနှစ်နောက်ပိုင်းက စလာခဲ့ကြတာပါ။ ဒီကားတွေဟာ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ် တစ်လျှောက်မှာရှိတဲ့ နယ်စပ်ခြံစည်းရိုးတွေကတစ်ဆင့် ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့ကြပြီး ဂိတ်အဆင့်ဆင့်ကိုကျော်ဖြတ်ကာ ပြည်တွင်းက မြို့ကြီးတွေ၊ နယ်မြို့တွေအထိကို ခြေဆန့်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်နေပြီလို့ ပြောလို့ရပါတယ်။ ပြည်တွင်းမှာ မော်ဒယ်လ်မြင့်တဲ့ အိမ်စီးမော်တော်ယာဉ်တစ်စီးဟာ သိန်း ၁၅၀ ကျော်နေချိန်မှာ သူ့ကိုတော့ နယ်စပ်မှာဆိုရင် အသစ်ကို သိန်း ၂၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်သလို ပြည်တွင်းကို ဆိုရင်တော့ သယ်ဆောင်ခ၊ ဂိတ်ကြေးတွေပေါင်းလိုက်ရင် ၅ သိန်း၊ ၆ သိန်းတိုးပြီး ၂၅-၃၀ လောက်ဆို ရနေပါပြီ။ ဒါဟာ လူတိုင်းသိတဲ့ အမှန်တရားတစ်ခုဖြစ်သလို အချို့ဆိုရင် ကိုယ့်မှာ ယခင်ကရှိတဲ့ကားကို ပသ.ထားပြီး တစ်ခုခုအက်ဆီးဒင့် ဖြစ်ပြီဆိုရင်လည်း အလုံးချိန်း၊ ဘော်ဒီပြောင်းတင်၊ အင်ဂျင်နံပါတ်ပြောင်း ကြတဲ့အထိကို ဈေးချိုချိုသာသာနဲ့ အလွယ်တကူ ညှိနှိုင်းပေးကမ်းပြီး လုပ်ခဲ့ကြတာပါ။

အလွယ်ကြိုက် လမ်းမှားလိုက်ခဲ့ကြ

အစိုးရရဲ့ မော်တော်ယာဉ်မူဝါဒ အမျိုးမျိုး ပြောင်းလဲပြီး အခွန်အခ ကြီးမြှင့်ကောက်ခံမှုတွေကြောင့် ပြည်တွင်းမှာတင် လိုင်စင်ရှိတဲ့ယာဉ်တွေကို မတတ်နိုင်ကြတဲ့သူ အများစုဟာ နောက်ဆုံးမှာတော့ ဒီလိုဈေးနှုန်းပေါတဲ့ယာဉ်တွေကို အလွယ်တကူ ဝယ်ယူစီးနင်းခဲ့ကြသလို နံပါတ်ပြား၊ ယာဉ်ရာဇဝင်စာအုပ်နဲ့ ယာဉ်လိုင်စင်ကတ်တွေကိုလည်း တိုးတက်လာတဲ့နည်း ပညာတွေအကြားမှာ လွယ်လွယ်ကူကူပဲ အတုတွေပြုလုပ်ကြပြီး သူတို့ဝယ်ယူထားကြတဲ့ လိုင်စင်မဲ့ယာဉ်တွေကို လိုင်စင်ယာဉ်ပုံစံဖမ်းပြီး သူတို့နယ်တစ်ဝိုက်မှာတော့ အဆင်ပြေသလို ညှိနှိုင်းပေးကမ်းပြီး စီးနင်းလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာနေခဲ့ပါပြီ။

ကိုယ်ထူကိုယ်ထမှရကြမယ့် အခြေအနေတွေအကြားမှာ

ဒီလိုပေါများလာတဲ့ လိုင်စင်မဲ့ယာဉ်တွေဟာ ပြည်တွင်းက မြို့တွေအပြင် နောက်ဆုံးရွာတွေအထိပါ ခြေဆန့်ခဲ့ကြရင်း အချို့ကတော့ မိမိတို့လယ်ယာက ထွက်တဲ့သီးနှံတွေ၊ အသားငါးတွေ၊ ထုတ်ကုန်တွေကို မြို့ကိုပို့ဖို့၊ အရေးပေါ် ကျန်းမာရေးကိစ္စ သုံးဖို့အတွက် ပြည်တွင်းမှာ ဆိုင်ကယ်တစ်စီး တန်ဖိုး ၁၃-၁၄ သိန်းသာသာနဲ့ရတဲ့ လိုင်စင်မဲ့ယာဉ် ခွေးဘီလူးလို့ခေါ်တဲ့ ကားလေးတွေ ဝယ်ယူသုံးစွဲခဲ့ကြသလို၊ အချို့ သူ့ထက်ပိုတတ်နိုင်တဲ့ လယ်ရှင်ယာရှင်တွေကလည်း သိန်း ၂၀၊ ၂၅ တန် အိမ်စီးဇိမ်ခံကား အသေးလေးတွေ အသီးသီး ဝယ်ယူစီးနင်းခဲ့ကြပါတယ်။ ဒါ့အပြင် ဒီထက်တိုးလို့ ရွာဦး ကျောင်းဆရာတော်တွေအတွက်ပါ တရားနာပင့်ရင်ကြွဖို့၊ နောက်ရွာတွေ မြို့ငယ်တွေမှာ သာရေးနာရေးအတွက် ပရဟိတသုံးဖို့ဆိုပြီး ငွေကြေးတွေစုလို့ ကိုယ်စီကိုယ်စီ ဘာအသင်း ညာအသင်းဆိုပြီး ကိုယ်ထူကိုယ်ထ စုဆောင်းဝယ်ယူ သုံးစွဲနေကြတာ နှစ်တွေတောင် အတော်ကြာခဲ့ပါပြီကော။

လိုင်စင်မဲ့ယာဉ်တွေသုံးပြီး မသမာသူတွေက စီးပွားရှာခဲ့ကြ

ဒီလိုဈေးပေါပေါနဲ့ သုံးလို့ကောင်းတဲ့ လိုင်စင်မဲ့ယာဉ်တွေဟာ အထက်မှာဆိုခဲ့သလို ကျန်းမာရေး၊ သာရေး၊ နာရေး၊ ပရဟိတ အရေးတွေအတွက်တင် သုံးကြတော့တာမျိုး မဟုတ်တော့ဘဲ နောက်ဆုံးမှာတော့ ပရဟိတ တံဆိပ်တွေနဲ့ ခပ်တည်တည်ပဲ ညှိနှိုင်းပေးကမ်းပြီး သစ်တောကြိုးဝိုင်းအတွင်းက သစ်တွေကိုဝင်ပြီး ဒီယာဉ်လေးတွေနဲ့ခိုးကြတာ၊ ကျောက်စိမ်းတွေသယ်တာ၊ မူးယစ်ဆေးတွေ သယ်တာတွေ အသုံးပြုပြီး ဂိတ်ကြေးတွေ အဆင့်ဆင့်ပေးပြီး ရန်ကုန်၊ မန္တလေးအထိ ဖြတ်သန်းသွားကြတာ၊ ဂိတ်ကြေးလိုင်းကြေးမပေးဘဲ နှစ်ပေါက် တစ်ပေါက် ရိုက်သွားတဲ့ယာဉ်တွေကိုပဲ ဖမ်းဆီးရမိပြကြတာ၊ အဖမ်းခံထိစဉ်မှာလည်း တန်ကြေးနည်းတဲ့ ဒီယာဉ်တွေကို ပစ်ပြေးပြီး နောက်ဆုံးတော့ တက်လာသမျှ သတင်းတိုင်းမှာ ပိုင်ရှင်မဲ့ဘဝနဲ့သာ အဆုံးသတ်သွားကြတာ ကျွန်တော်တို့ ဖတ်ခဲ့၊ မြင်ခဲ့၊ ကြားခဲ့ကြရတာပါပဲ။

နည်းပညာအကူအညီနဲ့ အတုကို အစစ်လုပ်၊ ဈေးကွက်အတွင်း ဝင်ရှုပ်ကြ 

ယခုနောက်ဆုံးမှာတော့ အဆိုပါ လိုင်စင်မဲ့ယာဉ်တွေကိုပဲ လိုင်စင် ယာဉ်တွေမှာပါရှိရမယ့် စာရွက်စာတမ်း အမှတ်အအသားကအစ၊ နံပါတ်ပြားအဆုံး အကုန်အတုလုပ်ပြီး လိုင်စင်ယာဉ် အရောင်းအဝယ် ဈေးကွက်အတွင်းကို မသမာသူတွေက ထိုးထည့်ပြီး ဆောင်ရွက်လာခဲ့ကြတာ အခုရက်ပိုင်းဆိုရင် အချို့အတော်များများအနေနဲ့ မိမိတို့ ဝယ်ယူထားတဲ့ယာဉ်ဟာ အတုလား၊ အစစ်လားတောင် မဝေခွဲနိုင်ရလောက်တဲ့အထိ သံသယ စိတ်တွေဖြစ်ကြရပြီး ကညနရုံးတွေအနေနဲ့ သူတို့ကားတွေကို စစ်ဆေးပေးဖို့ တောင်းဆိုနေသံတွေလည်း ကြားနေကြရမှာပါ။ အချို့ဆိုရင်လည်း အစစ် ထင်ပြီး ဝယ်စီးနေလာတာ ကိုယ်က ပြန်ရောင်းတော့မှ အတုဖြစ်နေပြီး မူလ ရောင်းသူထံကလည်း ငွေပြန်မရ။ ဒါကို အမှုသွားဖွင့်ရင်လည်း မိမိပါ လိုင်စင်မဲ့ ယာဉ်ပိုင်ဆိုင်မှုနဲ့ တရားစွဲ အရေးယူခံရမယ့်အပြင် ယာဉ်ကိုလည်း အသိမ်းခံရမယ့်ကိန်း ဆိုက်နေရပါပြီလို့ ဆိုနေသူတွေကိုလည်း လူမှုကွန်ရက်တွေအပေါ်မှာ ဖတ်ရပါတယ်။

ပရဟိတအဖွဲ့များ အများဆုံး ထိခိုက်ကြ

ယခုရက်ပိုင်းမှာ ပေါ်ထွက်လာနေတဲ့ သတင်းတွေအရဆိုရင် ဒီလို မှတ်ပုံတင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုကြောင့် အခက်အခဲ အများဆုံးဖြစ်ကြ ရတာဟာ ပရဟိတ နာရေးကူညီမှုအသင်းတွေ၊ အရေးပေါ် လူနာတင်ယာဉ် အသင်းတွေ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။ ဒီယာဉ်တွေကိုလည်း ဒီကာလမှာ အသုံးမပြုကြဖို့ ဆိုင်ရာအသင်းတွေက နှိုးဆော်ထားကြတာ ဖြစ်တဲ့အတွက် အရေးပေါ် လူနာတွေအတွက် အခက်အခဲတွေ ဖြစ်ကြရသလို ရဟန်း သံဃာတွေဆီမှာရှိနေကြတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုလည်း အသုံးမပြု မစီးနင်းကြဖို့ ဆိုင်ရာသံဃနာယကတွေက နှိုးဆော်ထားတာလည်း ဖတ်ခဲ့ရပါတယ်။ ဒီယာဉ်တွေအပေါ်ကို ယခင်အစိုးရလက်ထက်ကတော့ ပုံစံတစ်မျိုးနဲ့ ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးခဲ့တာ တွေ့ခဲ့ရသေးသလို ဒီနောက်ပိုင်းမှာတော့ များပြားလာတဲ့ယာဉ်တွေ၊ ပြောင်းလဲလာတဲ့ မော်တော်ယာဉ် မူဝါဒတွေအကြားမှာ မလုပ်ပေးကြတော့တာလို့ပဲ ယူဆရပါတယ်။

ရွှေသမင် ဘယ်တာကထွက် 

ဒီလိုပရဟိတ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ နာရေး ကူညီမှုအသင်းတွေရဲ့အဖြစ်တွေဟာ ယခင်အစိုးရလက်ထက် ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်တွေ မမြှင့်တင်နိုင်သေးတဲ့ခေတ်ကဆိုရင် တော်သေးပေမယ့် အခုအစိုးရလက်ထက် ကျန်းမာရေးဘတ်ဂျက်ကို ရာခိုင်နှုန်း အတော်များများ မြှင့်ပြီး အရေးပေါ် လူနာတင်ယာဉ်တွေ တိုးမြှင့်ဝယ်တာ၊ ပြည်ပနိုင်ငံတွေက အစီးရေ အတော်များများလှူတာတွေ ဆောင်ရွက်ပေးနေတဲ့အချိန်မှာတော့ မဖြစ်သင့်တော့တဲ့ကိစ္စလို့ ပြောရမှာပါ။ အမှန်ဆိုရင် ဒီကားတွေဟာ မြေပြင်မှာတော့ ပြည်သူတွေထံ မရောက်လာဘဲ ဆေးရုံကြီးတွေ၊ ကျန်းမာရေးဌာနတွေက ယာဉ်ဂိုဒေါင်ကြီးတွေထဲမှာသာ ဇိမ်ကျကျ ကျောက်ချ ရပ်နားထားရင်း စက်ဆီတွေ၊ ပြင်ဆင်စရိတ်တွေကိုတော့ အခန့်သား ထုတ်ယူသုံးစွဲနေကြလို့သာ ဖြစ်တယ်လို့လည်း လူထုက ထောက်ပြနေကြပါတယ်။

တရားဥပဒေ မစိုးမိုးမှုနဲ့ အဂတိလိုက်စားမှုများရှိနေ

နောက်ပြီး ယခင့်ယခင်ကတည်းက နယ်စပ်ဂိတ်ပေါက်တွေကနေ ဥဒဟို ဝင်ချင်တိုင်း ဝင်လို့ရအောင် ခွင့်ပြုခဲ့ကြ၊ တာဝန်လစ်ဟင်းခဲ့ကြ အဂတိ လိုက်စားခဲ့ကြတဲ့ ဝန်ထမ်းတွေကို ဖော်ထုတ်ပြီး အရေးယူဖို့၊ အဲ့ဒီတုန်းကတော့ တရားဥပဒေမဲ့ ညှိနှိုင်းပေးကမ်းပြီး လုပ်ခဲ့ပြီးကာမှ အခုလို အခြေအနေမျိုးမှာ ဖမ်းဆီးကြတယ် ဆိုတဲ့အပေါ်မှာလည်း လူထုက မေးခွန်းတွေ ပြန်ထုတ်နေကြတာ မြင်ရပါတယ်။ နောက်ပြီး ဖမ်းချင်တဲ့သူကိုသာ ဖမ်းပြီး ညှိနှိုင်းပေးကမ်းပြီး အလုံးချိန်း၊ အင်ဂျင်ပြောင်းပြီး မော်ဒယ်လ်အမြင့်တွေကိုမှ ရွေးမှာပြီး ဟန်ကျကျ ပုံမှန်စီးနေကြတဲ့ အထက်တန်းလွှာကသူတွေ၊ အစိုးရဌာနတွေအတွင်းမှာလည်း အချို့စီးနေကြတဲ့ ဝန်ထမ်းတွေ၊ နောက်ငြိမ်းချမ်းရေး ရယူထားတဲ့နယ်တွေထဲမှာ စီးနေကြတဲ့သူတွေအတွက်ကိုပါ တစ်ပြေးညီ ဖမ်းဆီးဖို့၊ တရားဥပဒေရှိအောင် ဆောင်ရွက်ဖို့နဲ့ ဖမ်းဆီးစဉ်မှာလည်း ရသလောက်လေးနဲ့သာ ညှိနှိုင်းပေးကမ်းပြီး ဥပဒေကို ဖောက်ဖျက်နေကြမှုတွေအတွက် အစိုးရလူကြီးမင်းတွေအနေနဲ့ ဒီအပေါ် ဘယ်လိုဆက်လက်ဆောင်ရွက်ကြမလဲ ဆိုတာကိုပါ မေးလာနေပြီဖြစ်တဲ့အတွက် တာဝန်ရှိသူ အပေါင်းက ဒီမေးခွန်းတွေရဲ့အဖြေကိုရှာရင်း အားလုံးအဆင်ပြေနိုင်မယ့် လမ်းကြောင်းတွေကို ရွေးချယ်ရင်း တရားဥပဒေ စိုးမိုးအောင်၊ အဂတိမရှိအောင် ဆောင်ရွက်ကြရင်း လိုင်စင်မဲ့ယာဉ်တွေ နည်းပါးသွားအောင် တဖြည်းဖြည်း လုပ်ယူကြစေချင်ပါကြောင်း ရေးသားလိုက်ရပါတယ်ဗျား။

အောင်ဇေယျ



FOLLOW US