News

POST TAGGED AS

သားအိမ်ခေါင်း

နမ့်လန် ရေကြီးမှု လူ ၃၀၀၀ ကျော် ပြောင်းရွှေ့
လားရှိုး၊ ဇွန် ၉ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဇွန်လ ၈ ရက်နေ့ ညပိုင်းက တောင်ကျချောင်းရေ ထပ်မံကျဆင်းလာမှုကြောင့် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး ဒေသခံဦးရေ ၃၀၀၀ ကျော်မှာ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

ရေကြီးမှုကြောင့် ရေဝင်နစ်မြုပ်သည့် နေအိမ်ပေါင်းမှာ ၁၂၁၄ အိမ်ရှိပြီး လူပေါင်း ၃၄၄၅ ဦးမှာ နေအိမ်မှ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေပြီး နမ့်လန်မြို့ပေါ်ရှိ အေးချမ်းသာကွက်သစ်၊ ဂျီအီးတပ်ကွက်သစ်တို့မှာ ရေပြင်တစ်ခုလုံးဖြစ်ပေါ်ခဲ့ရကြောင်း၊ ယခုအခါ ရေကျနေပြီဖြစ်သော်လည်း နွံများ ထူထပ်နေမှုကြောင့် သွားလာခက်ခဲနေပြီး အဆိုပါရေဝင်နေသည့် ရပ်ကွက်များမှ ဒေသခံများမှာ သောက်သုံးရေ လိုအပ်လျက်ရှိကြောင်း နမ်လန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းယွမ်းက ပြောကြားသည်။ 

“နေ့တိုင်းရေက တက်လိုက်ကျလိုက်ပါပဲ။ နမ့်လန်မြို့ပေါ်ရပ်ကွက်တွေနဲ့ လမ်းပေါ်မှာတော့ မိုးရေတွေမရှိတော့ပေမယ့် ရွှံနွံတွေပြည့်နေလို့ သွားမရ၊ လာမရဖြစ်နေတယ်။ ကူညီကယ်ဆယ်ရေး တွေရောက်လာပြီး လမ်းတွေကောင်းအောင် လုပ်ပေးခဲ့ပေမယ့် ရေထပ်ကြီးတော့ နဂိုအတိုင်းပြန်ဖြစ်သွားရော သွားမရ၊ လာမရ ဖြစ်ပြန်တယ်”ဟု နမ့်လမ်မြို့ ဒေသခံဦးထွန်းလှက ပြောဆိုသည်။ 

နမ့်လန်မြို့တွင် ဇွန်လ ၆ ရက်နေ့ ရေစကြီးချိန်မှစ၍ ဒေသခံအချို့မှာ အမြင့်ပိုင်းရှိ ဆွေမျိုးများနေအိမ်သို့ ကြိုတင်ပြောင်းရွှေ့နေထိုင်နေကြောင်း၊ တချို့မှာလည်း ယနေ့တိုင်အိမ်မပြန်နိုင်သေးဘဲ အဆင်ပြေရာ၌သာ နေထိုင်နေရပြီး နေအိမ်အချို့မှ ရေကြီးမှုဖြစ်စဉ်ကြောင့် ပျက်စီးမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ဇွန်လ ၈ ရက်နေ့ ညက နမ့်လန်မြို့မှာ တောင်ကျရေတွေထပ်စီးနေပြီလို့ သတင်းကြားတာနဲ့ကျွန်တော်တို့ သီပေါကနေ ည ၁၀ နာရီမှာ ထွက်လာတယ်။ ရောက်ပြီးရေဝင်နေတဲ့ ရပ်ကွက်ထဲမှာ တစ်အိမ်တက်ဆင်း လိုက်မေးပါတယ်။ ပြောင်းချင်သူရှိရင် ပြောင်းပေးမယ်ဆိုပြီး လိုက်မေးခဲ့ပါတယ်။ တော်တော်များများက ၆ ရက်နေ့ကတည်းက အမျိုးအိမ်တွေ ပြောင်းနေကြလို့ ဘယ်သူ့ကိုမှပြောင်းမပေးခဲ့ရပါဘူး”ဟု သီပေါမြို့မှ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောဆိုသည်။

နမ့်လန်မြို့ရေကြီးရေလျှံမှုကြောင့် အခက်အခဲဖြစ်ပေါ်နေသည့် ဒေသခံများအတွက် ကူညီထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသည်။

R-07
 
 



FOLLOW US