News

POST TAGGED AS

သားသတ်လိုင်စင်

ကျိုင်းတုံတွင် သားသတ်လိုင်စင်များကို သက်တမ်းတိုးစနစ်ဖြင့် ရောင်းချ


ကျိုင်းတုံ၊ မတ် ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမတွင် မတ် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဝက်အတွက် မြို့ပေါ်နှင့်ကျေးလက် သားသတ်လိုင်စင်များကို သက်တမ်းတိုးစနစ်ဖြင့် ရောင်းချခဲ့ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားသည်။ 

“သားသတ်လိုင်စင် လုပ်ကိုင်နေသူ ၄၁ ဦးမှာ အာမခံကြေး ပေးသွင်းထားတဲ့ ၁၉ ဦးကို ဒီနေ့ သက်တမ်းတိုးပေးခဲ့တယ်။ ကျန်တဲ့သူတွေကို နောက်ရက်တွေမှာ ထပ်ပေးပါမယ်။ လိုင်စင်ရထားသူတွေအနေနဲ့ သတ်မှတ်အကောင်ရေအတိုင်း နေ့စဉ် အခွန်ပေးသွင်းရသလို အသားကိုလည်း ပိဿာချိန်အလိုက် အရောင်းခွန်ထပ်ပေးရပါတယ်”ဟု ယင်းမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ရှင်းပြသည်။

ကျိုင်းတုံမြို့နေသူများမှာ ဝက်သားစားသုံးမှု များပြား၍ အမဲနှင့်ဆိတ်သား လိုင်စင်ထက် လျှောက်ထားသူ များပြားကြောင်း၊ လိုင်စင်ရရှိသူများသည် သာရေးနှင့်နာရေးရှိသည့် နေ့ရက်များတွင် သားသတ် ရပ်နားထားသော်လည်း ဝက်တစ်ကောင်လျှင် ပိဿာချိန် ၄၀ နှုန်းဖြင့် အသားခွန်နှင့်သားသတ်ခွန် နေ့စဉ်ပေးသွင်းရကြောင်း ဝက်သားသတ်လိုင်စင် ရရှိသူများက ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေး ကော်မတီအနေနှင့် အမဲ၊ ဆိတ်နှင့် ဝက်သားသတ်လိုင်စင်များမှ အခွန်ငွေ ကျပ်သိန်း ၂၄၀၀ ကျော်ရရှိခဲ့ပြီး အသားဈေးနှုန်းအနေနှင့် ဝက်သား တစ်ပိဿာ ကျပ် ၆၀၀၀ မှ ကျပ် ၁၀,၀၀၀၊ အမဲသားတစ်ပိဿာ ကျပ် ၆၀၀၀ မှ ကျပ် ၁၂,၀၀၀ နှင့် ဆိတ်သားတစ်ပိဿာ ကျပ် ၁၀,၀၀၀ မှ ကျပ် ၁၅,၀၀၀ သတ်မှတ်ရောင်းချကြောင်း သိရသည်။  

R-16



FOLLOW US