News

POST TAGGED AS

သရက်သီး

မူဆယ်ဈေးကွက်တွင် သရက်သီးဈေးကျ
ရန်ကုန်၊ မေ ၁၄

တရုတ်နိုင်ငံဘက်တွင် သရက်သီးအထွက်များသောကြောင့် မူဆယ်နယ်စပ်ဈေးကွက်တွင် ပြည်တွင်းသရက်သီးဈေးနှုန်းမှာ ယခင်နှစ်ကအောက် ဈေးကျသွားကြောင်း မူဆယ်သစ်သီးကုန်သည်များထံမှ သိရသည်။

ယခင်နှစ်က စိန်တလုံးသရက်သီး ၁၆ ကီလိုဂရမ် တစ်ခြင်းကို ယွမ် ၁၅၀ နီးပါးရရှိခဲ့ပြီး ယခုနှစ်တွင်မူ ယွမ် ၁၃၀ နီးပါးသာ ရရှိကြောင်း၊ ဈေးကျဆင်းနေသော်လည်း မူဆယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်သွားမည်စိုးရိမ်ကာ တရုတ်ကုန်သည်များက သရက်သီးများဝယ်ယူနေကြကြောင်း မူဆယ်သစ်သီးကုန်သည် ဦးစိုင်းလင်းဘိုက ပြောကြားသည်။

“ဈေးကတော့ အရည်အသွေးကောင်းတဲ့အသီးမှ ဈေးကောင်းတာ။ ကျန်တာက ဈေးကျနေတယ်။ အခုရက်ပိုင်းတော့ သရက်သီး အရောင်းအဝယ်ကောင်းပါတယ်။ ဈေးကတော့ တရုတ်ဘက်က အသီးထွက်နှုန်းကျသွားရင် ပြန်တက်လာနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မူဆယ်-နမ့်ခမ်းလမ်း၌ တိုက်ပွဲဖြစ်နေသော်လည်း ကုန်သွယ်မှုလမ်းကြောင်းမှာ ပြတ်တောက်သွားခြင်း မရှိသေးကြောင်း၊ တိုက်ပွဲဖြစ်နေချိန်တွင် ကားများရပ်တန့်ထားကာ တိုက်ပွဲပြီးချိန်တွင် မူဆယ်သို့ ကုန်ကားများတက်လျက်ရှိကြောင်း မူဆယ်ကုန်သည်များထံမှ သိရသည်။

ယခုလအစောပိုင်းက တရုတ်ဘက်က အဝယ်နည်းသောကြောင့် သရက်သီးတောင်သူများက ဈေးတက်ချိန်ကို စောင့်ဆိုင်းကာ လလယ်မှ သရက်သီးများတင်ပို့ရန် ပြင်ဆင်နေကြကြောင်း၊ သရက်သီးထွက်ချိန်တွင် မိုးလေကြီးခြင်းကြောင့် အချို့သောသရက်စိုက်ခင်းများမှာ သရက်သီးများ ကြွေကျပျက်စီးခြင်းများရှိကြောင်း မန္တလေးသရက်အစုအဖွဲ့ဝင် ဦးနေလင်းမောင်က ပြောကြားသည်။

“သရက်သီးက အရည်အသွေးလည်း ကောင်းတယ်။ အစိုးရက အသိအမှတ်ပြု လက်မှတ်ဖြစ်တဲ့ GAP ကိုရရင် တရုတ်ကို တင်ပို့တဲ့အခါ ဈေးကောင်းရတယ်။ ဈေးကျလည်း ဒီလိုမျိုးအသီးတွေက ဈေးအရမ်းမကျဘူး”ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်းတွင် စိန်တလုံးသရက်သီး တစ်လုံးကို ကျပ် ၅၀၀ ရှိပြီး ဈေးကွက်အတွင်းသို့ အများဆုံးဝင်ရောက်သည့် သရက်သီးမှာ မချစ်စုဖြစ်ကာ တစ်လုံးကို ကျပ် ၂၀၀ မှစ၍ ရောင်းချနေကြကြောင်း သရက်သီးဈေးကွက်အတွင်းမှ သိရသည်။

သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင် အများအပြားစိုက်ပျိုးပြီး တစ်တိုင်းလုံးအတိုင်းအတာဖြင့် သရက်စိုက်ဧကပေါင်း လေးသောင်းကျော်ရှိကြောင်း မန္တလေးသရက်အစုအဖွဲ့ထံမှ သိရသည်။

J-13



FOLLOW US