News

POST TAGGED AS

သမ္မတ

သမ္မတ ဦးဝင်းမြင့် ထိုင်းနိုင်ငံ သွားမည်
ရန်ကုန်၊ ဇွန် ၁၁

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်၍ ရက်ပိုင်းအတွင်း ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများကိုလည်း တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သမ္မတဦးဝင်းမြင့်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၈) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေးနှင့် (၉) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ထိပ်သီးအစည်းအဝေးကိုလည်း အဆိုပါခရီးစဉ်အတွင်း တစ်ဆက်စပ်တည်း တက်ရောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါခရီးစဉ် စတင်မည့် ရက်အတိအကျကို ထုတ်ပြောထားခြင်း မရှိသော်လည်း ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် အစိုးရက ထုတ်ပြန်လေ့ရှိသည့်အတွက် ရက်ပိုင်းအတွင်း စတင်ဖွယ်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ဇွန်လ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

ယင်းထိပ်သီးအစည်းအဝေးတွင် အိမ်ရှင်ဖြစ်သည့် ထိုင်းနိုင်ငံက မဲခေါင်ဒေသတွင်း နိုင်ငံများ၏စီးပွားရေး စင်္ကြံချိတ်ဆက်မည့် စီမံကိန်းတစ်ခုကို အဆိုတင်သွားမည် ဖြစ်ကြောင်းလည်း ထိုင်းအစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတဦးဝင်းမြင့်၏ အဆိုပါ ထိုင်းနိုင်ငံခရီးစဉ်သည် ၎င်း၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး သမ္မတတာဝန်ယူသည့်ကာလ ပထမဦးဆုံး ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ ပြီးခဲ့သည့် မေလအတွင်းက သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် တတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်ပြီး မတ်လ ၂၀၁၈ အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်အထိ နှစ်နိုင်ငံကုန်သွယ်ထားကြောင်း အချက်အလက်များအရ သိရသည်။

J-08



FOLLOW US