News

POST TAGGED AS

သမိုင်း

15-Oct-2016

သမိုင်း
မြန်မာ့သမိုင်းအမှန်များပြုစုရန် ကော်မရှင်ပြင်ဆင်ဖွဲ့စည်းမည်

ရန်ကုန်၊ အောက်တိုဘာ  ၁၃

လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှ ယနေ့ချိန်အထိ မြန်မာနိုင်ငံ သမိုင်းဖြစ်စဉ်များကို အမှန်အတိုင်း ပြုစု ရေးသားရန် မြန်မာ့သမိုင်းကော်မရှင်ကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး ပညာရှင်များကို တာဝန်များ ပေးအပ်ရန် လျာထားရေးကို အောက်တိုဘာလ ၂၉ ရက်နေ့၌ ရန်ကုန်မြို့ အမျိုးသား ပြတိုက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။  

သမိုင်းဆိုင်ရာ အချက်အလက်များ ပြုစုရာတွင် ပြင်ဆင် ဖြည့်စွက်ခြင်း၊ သမိုင်း ထိန်ချန်ခြင်း မဖြစ်စေရန် ကြပ်မတ်မည်ဖြစ်ပြီး သမိုင်း အစစ်အမှန် ပေါ်ထွန်းလာရေးအတွက် လိုအပ်ချက် အားလုံးကို ပံ့ပိုးဖြည့်ဆည်း၍ အပြည့်အဝ တာဝန်ခံပေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

“ကော်မရှင်က အသစ်ဖွ့မှာ မဟုတ်ပါဘူး။ အစိုးရ အပြောင်းအလဲမှာ ဝန်ကြီးပါ ပြောင်းတော့ အရင် ဝန်ကြီးနဲ့ ဒုဝန်ကြီးက ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ တာဝန် ယူထားတာဆိုတော့ ဒါတွေ ပြန်ပြောင်းရမယ်။ ပညာရှင်တွေလည်း ထပ်တိုးဖို့ ရှိတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် (ဒုတိယ အမြဲတမ်းအတွင်းဝန်) ဦးအောင်မြင့်က ဆိုသည်။ 

မြန်မာ့သမိုင်း ကော်မရှင်တွင် ယခင်က ပြည်ထောင်စုဝန်ကြီးနှင့် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သူမှလွဲ၍ ကျန်ရှိသည့် အဖွဲ့ဝင် အားလုံးသည် မြန်မာ့ သမိုင်းပညာရှင်များဖြစ်သည်။ 

မြန်မာ့သမိုင်းဆိုင်ရာ အချက်အလက်များကို ယခုထက်ပို၍ စနစ်တကျ ပြုစုထိန်းသိမ်းနိုင်ရန် ပညာရှင်အသစ်များကိုလည်း ထပ်မံတိုးချဲ့ ခေါ်ယူဖွဲ့စည်းမည်ဖြစ်ကြောင်း ဒုတိယ အမြဲတမ်းအတွင်းဝန်က ဆိုသည်။

  • VIA


FOLLOW US