News

POST TAGGED AS

သမဂ္ဂ

မြန်မာကျပ်ငွေ တန်ဖိုးကျ

ရန်ကုန်၊ ဇူလိုင် ၂၆

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းနှင့်အတူ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး အခြားနိုင်ငံခြားငွေ တန်ဖိုးများလည်း လိုက်ပါမြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ကျပ်ငွေတန်ဖိုးသည် မေလ နောက်ဆုံးပတ်အတွင်းမှစတင်၍ ဆက်တိုက်ဆိုသကဲ့သို့ ကျဆင်းလာခြင်းဖြစ်ပြီး အမေရိကန် ဒေါ်လာအပါအဝင် အခြားငွေကြေးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဒေါ်လာဈေးမှာ ဇူလိုင်တစ်လအတွင်း တစ်ဒေါ်လာလျှင် ၄၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာလျှင် ၂၈ ကျပ်၊ ယူရိုငွေ တစ်ယူရိုလျှင် ၅၀ ကျပ်၊ စတာလင်ပေါင် တစ်ပေါင်လျှင် ၄၀ ကျပ်အထိ မြင့်တက်ကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ၏ ငွေကြေးဈေးနှုန်းများတွင် တရုတ်ယွမ် တစ်ယွမ်လျှင် ၁၂ ကျပ်ခန့်၊ ထိုင်း တစ်ဘတ်လျှင် ၃ ကျပ်ခန့်၊ စင်ကာပူ တစ်ဒေါ်လာလျှင် ၆၀ ကျပ်ခန့်၊ မလေးရှား တစ်ရင်းဂစ်လျှင် ၃၄ ကျပ်ခန့်အထိ မြင့်တက်လာခဲ့ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ကျပ်ငွေတန်ဖိုးကျဆင်းပြီး အခြားငွေကြေးဈေးနှုန်းများ မြင့်တက်ရခြင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုး အပြောင်းအလဲကြောင့်ဖြစ်ပြီး ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းကြောင့် အခြားငွေကြေးဈေးနှုန်းများ လိုက်ပါမြင့်တက်လာခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

“ကမ္ဘာမှာ အမေရိကန်ဒေါ်လာတန်ဖိုးက အရမ်းတက်နေတယ်။ ဒေါ်နယ်ထရမ့်ကလည်း သွင်းကုန်တွေကိုလျှော့ပြီး သူ့ငွေကြေးတန်ဖိုးကို အရမ်းမြှင့်တင်ဖို့လုပ်နေတာ အောင်မြင်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ဘာမှလုပ်လို့မရနိုင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက သုံးသပ်ပြောဆိုသည်။

ထိုသို့ ဒေါ်လာဈေးမြင့်တက်ခြင်းကို လျှော့ချနိုင်ရန် ရေတိုအနေနှင့် မလိုအပ်သည့် သွင်းကုန်ပစ္စည်းများကို လျှော့ချသင့်ပြီး ရေရှည်အနေနှင့် ပို့ကုန်တိုးတက်စေရန် ပို့ကုန်ပစ္စည်းများကို နိုင်ငံအတွင်း ဦးစားပေးထုတ်လုပ်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ထိုသို့ ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် သွင်းကုန်ကို အဓိက အားထားနေရသည့် မြန်မာနိုင်ငံအနေနှင့် သွင်းကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေး ဖောင်းပွခြင်း၊ စီးပွားရေးလုပ်ငန်းများ ကုန်ကျစရိတ် လျှော့ချခြင်း၊ ရပ်နားရခြင်းနှင့် ကုန်သွယ်မှုလိုငွေ များပြားခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း ပညာရှင်များက ပြောကြားသည်။

“ဒေါ်လာဈေးတက်တဲ့ကိစ္စက တစ်ကမ္ဘာလုံး ဖြစ်နေတဲ့ကိစ္စဆိုတော့ ဗဟိုဘဏ်က ဘာမှဝင်လုပ်လို့မရဘူး။ အဓိကက စီးပွား/ကူးသန်း လုပ်ရမှာ။ မလိုအပ်တဲ့ သွင်းကုန်တွေကိုလျှော့ချဖို့ လုပ်ငန်းရှင်တွေနဲ့ဆွေးနွေးပြီး လျှော့ချသင့်တာတွေကို လျှော့ချဖို့လုပ်သင့်သလို ပို့ကုန်တိုးအောင်လည်း လုပ်သင့်တယ်”ဟု ဦးဇော်ဖေဝင်းက အကြံပြုသည်။

လက်ရှိငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၁၄၃၂ ကျပ်၊ စင်ကာပူဒေါ်လာ တစ်ဒေါ်လာလျှင် ၁၀၅၇ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၄၃ ကျပ်ကျော်၊ မလေးရှားရင်းဂစ် တစ်ရင်းဂစ်လျှင် ၃၄၉ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ၂၁၁ ကျပ်၊ ဂျပန်ယန်း တစ်ယန်းလျှင် ၁၂ ကျပ်ကျော်၊ ယူရို တစ်ယူရိုလျှင် ၁၆၇၀ ကျပ်နှင့် စတာလင်ပေါင် တစ်ပေါင်လျှင် ၁၈၈၀ ကျပ်ဈေးရှိကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US