News

POST TAGGED AS

သမဂ္ဂ

ကျိုင်းတုံတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမည်
ကျိုင်းတုံ၊ မေ ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တစ်ခုတည်းသော ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ဖြစ်သည့် ကျိုင်းတုံတက္ကသိုလ်၌ လက်ရှိ ပညာသင်နှစ်အတွင်း ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ပြောကြားသည်။

“ဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ပထမနှစ်ဝက်မှာကတည်းက ဖွဲ့စည်းဖို့ ပြောထားပေမယ့် ကလေးတွေက စိတ်မဝင်စားကြဘူး။ အခုလာမယ့် နှစ်ဝက်မှာတော့ ဦးဆောင်ဖွဲ့စည်းပေးဖို့ ဘူမိဗေဒ ကျောင်းသားတွေကို ပြောထားတယ်”ဟု ၎င်းက ရှင်းပြသည်။

တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာ ပညာသင်ကြားနေသည့် ကျိုင်းတုံတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမည်ဟု သိရသော်လည်း ကျောင်းသားအများစုသည် အေးချမ်းစွာ ပညာသင်ကြားလို၍ ဖွဲ့စည်းရန် စိတ်ဝင်စားမှုနည်းပါးကြောင်း နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးက ဆိုသည်။

ကျိုင်းတုံတက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဒီဂရီကောလိပ်အဖြစ်နှင့် ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ကြောင်း၊ လက်ရှိ ပညာသင်နှစ်တွင် ကျောင်းသား ၁၁၀၀ ကျော် ပညာသင်ကြားနေပြီး ဆရာများသမဂ္ဂကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အဖွဲ့ဝင် ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

R-16



FOLLOW US