News

POST TAGGED AS

သမဂ္ဂ

ထိန်ပင်အမှိုက်ပုံအနီး ရပ်ကွက်များ၏ လေထုအရည်အသွေးတိုင်းတာမှုရလဒ် ထုတ်ပြန်မည်


ရန်ကုန်၊ မေ ၁

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံအနီး ရပ်ကွက်များတွင် ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ လေထုအရည်အသွေးတိုင်းတာခြင်းကို ဆောင်ရွက်လျက်ရှိပြီး ယင်းတိုင်းတာမှုများပြီးစီးပါက ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“မီးခိုးငွေ့ အများဆုံးခံစားရတဲ့ ရပ်ကွက် ၂၀ ကို စက်တစ်လုံးထားတယ်။ ဘေးရပ်ကွက်တွေကိုလည်း တိုင်းနေပါတယ်။ နောက်ပြီး စည်ပင်ကလည်း စက်တွေနဲ့တိုင်းနေပါတယ်။ စက်တစ်လုံးတည်းနဲ့ဆို စိတ်မချရတော့ သူတို့အဖြေကိုပါကြည့်ပြီး ထုတ်ပြန်မှာပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် ကာဗွန်မိုနောက်ဆိုဒ်ကို တိုင်းထွာရာတွင် ယင်းဓာတ်များ အနည်းငယ်များနေသည်ကိုတွေ့ရပြီး လေထုညစ်ညမ်းမှုများဖြစ်နေကြောင်း၊ ထိုကဲ့သို့ မီးခိုးငွေ့များကြောင့် အသက်တစ်နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် နှလုံးရောဂါရှိသူများတွင် ထိခိုက်မှုရှိနိုင်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

“ဒီမီးကို နောက် သုံး၊ လေးရက်အတွင်း ငြိမ်းနိုင်မယ်လို့တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက မှန်းထားပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံတက်တဲ့လူနာတွေလည်း လျော့နည်းလာပါပြီ” ဟု ဒေါက်တာထွန်းမြင့်က ရှင်းပြသည်။

အဆိုပါထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းသည့် နေရာအနီးဝန်းကျင်တွင် ယာယီဆေးခန်း ၇ ခုကိုဖွင့်လှစ်ပေးထားပြီး ဧပြီလ ၃၀ ရက်နေ့အထိ ယင်းဆေးခန်းများသို့ လာရောက်ပြသသူ ၁၈၈ ဦးရှိကြောင်း၊ မီးခိုးငွေ့ကြောင့်ဖြစ်ပေါ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါခံစားရ၍ လာရောက်ပြသသူမှာ ၆ ဦးသာရှိပြီး အခြားရောဂါဝေဒနာများကြောင့် လာရောက်ပြသသူမှာ ၁၈၂ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

J-12



FOLLOW US