POST TAGGED AS

သပိတ်ကျင်း

ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးရန် ဝန်ကြီးချုပ်ထံစာတင်


သပိတ်ကျင်း၊ ဇန်နဝါရီ ၈

သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့အနေနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ပေးရန် မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ဇန်နဝါရီလ ၇ ရက်နေ့က စာတင်ထားကြောင်း ကြာညှပ်ကျေးရွာ ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့က အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရန် မြင်သာ၊ ကိုးပင်၊ ပုတီးဖြူ၊ ရွှေစကား၊ ဇင်းချောင်း၊ ခရမ်းစပ်ကုန်း ကျေးရွာအပါအဝင် ကြာညှပ်ကျေးရွာတို့မှ ဒေသခံပြည်သူများအနေနှင့် ၎င်းတို့နှစ်သက်သူကို မဲပေးရွေးချယ်ခွင့် မပေးခဲ့ခြင်း၊ ကြီးကြပ်ရေးမှူးသုံးဦးက ၎င်းတို့၏သဘောဖြင့် ထုတ်ပယ်ခဲ့ခြင်းတို့အတွက် တင်ပြရခြင်းဖြစ်သည်ဟု ကြာညှပ်ကျေးရွာဒေသခံ ဦးဇင်မျိုးက ပြောကြားသည်။

“အဓိကတော့ အများကလက်ခံလို့ ဝင်ပြိုင်တဲ့တစ်ယောက်ကို သူတို့ (ကြီးကြပ်ရေးအဖွဲ့ဝင်သုံးဦး) က ထုတ်ပယ်လိုက်တယ်။ ထုတ်ပယ်ရတဲ့အကြောင်းကိုလည်း ဆန္ဒမဲပေးမယ့် ပြည်သူကိုချမပြခဲ့သလို ဥပဒေနဲ့မညီတာတွေလည်း တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

အုပ်စုအုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်းတင်သွင်းခံရသူများအနက် ရွှေစကားကျေးရွာမှ ဦးမောင်ငွေ၊ ကြာညှပ်ကျေးရွာမှ ဦးဆန်းမျိုး၊ ဦးမောင်ဝင်း၊ ဦးအေးမင်းထွန်းနှင့် ဦးဘစိုးတို့ကို လျာထားသတ်မှတ်ခဲ့ကြသော်လည်း အုပ်ချုပ်ရေးမှူး ဥပဒေနှင့် မညီဟုဆိုကာ ဦးဘစိုးကို ပယ်ချခဲ့ပြီး ကျန်သူများကိုလည်း မဲပေးရွေးချယ်မှုမရှိဘဲ ဦးမောင်ဝင်းဆိုသူကို ရွေးချယ်ခဲ့ကြသည်ဟု ဒေသခံတို့အဆိုအရ သိရသည်။

ဆယ်အိမ်မှူး၊ ရာအိမ်မှူးအဆင့်ကစ၍ ရွေးချယ်ခံခဲ့ရသော ဦးဘစိုးဆိုသူကို ဒေသခံ ၁၇ ဦးက ကန့်ကွက်ကြောင်း တင်ပြသည့်အတွက် အုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ (၅) ပါ အရည်အချင်းများနှင့် မညီသည့်အတွက် ရွေးချယ်ပွဲကျင်းပမည့်နေ့တွင် ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးစံအောင်က ပြောကြားသည်။

“ဥပဒေပုဒ်မ ၅ ပါ အရည်အချင်းနဲ့ မကိုက်ဘူးဆိုရင် ပြည်သူလူထုကို သူတို့က ထုတ်ပြန်ပေးရမယ်။ နောက်တစ်ခုက ပုဒ်မ (၅) မှာ အချက် ၉ ချက်ရှိတာ ဘယ်အချက်နဲ့မညီသလဲဆိုတာ ထောက်ပြရမှာ။ အခုတော့က ကြီးကြပ်ရေးအဖွဲ့ဝင်ငါးဦးမှာလည်း နှစ်ဦးထွက်သွားပြီ”ဟု အုပ်စုအုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်းမှ ထုတ်ပယ်ခံရသူ ဦးဘစိုးက တုံ့ပြန်ပြောဆိုသည်။

ကျေးရွာကြီးကြပ်ရေးအဖွဲ့များအနေနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး နစ်နာသည့် ဒေသခံများအနေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတိုင်ကြားထားသည်ကို ပြန်လည်စိစစ်ပေးရန် ညွှန်ကြားလာပါက ပြန်လည်စိစစ်ရွေးချယ်မည်ဟု သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံပြည်သူ ၇၉၉ ဦး လက်မှတ်ရေးထိုးကာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင်၊ တိုင်းအစိုးရအဖွဲ့၊ တိုင်းအုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ထံ တင်ပြထားခြင်းဖြစ်သည်။

R-05



FOLLOW US