News

POST TAGGED AS

သပိတ်ကျင်း

08-Jan-2018

အစိုးရ ဂျာမနီ
ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆိုရှယ်ဒီမိုကရက်များနှင့် မာကယ်လ် ထပ်မံညှိနှိုင်း


ဘာလင်၊ ဇန်နဝါရီ ၇

ဂျာမနီ၏ နိုင်ငံရေး မတိုးသာမဆုတ်သာ အခြေအနေကို အဆုံးသတ်နိုင်ရေးအတွက် အဓိပတိ မာကယ်လ်က ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်းမှုအသစ်တစ်ရပ် ပြုလုပ်နေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဂျာမနီတွင် ရွေးကောက်ပွဲပြီးသည်မှာ သုံးလရှိပြီဖြစ်သော်လည်း အစိုးရသစ် မဖွဲ့နိုင်သေးပေ။ မာကယ်လ်၏ ခရစ်ယာန် ဒီမိုကရက်တစ် (CDU) နှင့် ညီအစ်မပါတီ ခရစ်ယာန်ဆိုရှယ်ယူနီယံ (CSU) တို့သည် ရွေးကောက်ပွဲတွင် ထုံးစံအတိုင်း မဲအများဆုံးရခဲ့သော်လည်း ယခင်ရွေးကောက်ပွဲများလောက် အမတ်နေရာမများခဲ့ရာ အစိုးရသစ်ဖွဲ့ရန် အခြားပါတီကြီးတစ်ခုနှင့် ပူးပေါင်းရန် မဖြစ်မနေလိုအပ်လာခဲ့သည်။ 

ယခုအခါ CDU နှင့် CSU သည် ဆိုရှယ်ဒီမိုကရက် (SPD) နှင့် ငါးရက်ကြာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယင်းမှာ မာကယ်လ်အတွက် တည်ငြိမ်သော ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ရန် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။

SPD သည် လွန်ခဲ့သော ၁၂ နှစ်အတွင်း ၈ နှစ်အထိ မာကယ်လ်၏ CDU/CSU ဗဟိုလက်ယာယိမ်းအုပ်စုနှင့် ညွန့်ပေါင်းဖွဲ့ခဲ့သည့် မဟာမိတ်ပါတီဖြစ်သည်။ သို့သော်လည်း စက်တင်ဘာရွေးကောက်ပွဲတွင် SPD မှာ သမိုင်းတစ်လျှောက် အဆိုးဆုံးရလဒ်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ပါတီခေါင်းဆောင် မာတင်ရှုဇ်က အတိုက်အခံအဖြစ်သာ ရပ်တည်သွားတော့မည်ဟု ကြေညာခဲ့သည်။

သို့သော်လည်း မာကယ်လ်မှာလည်း လစ်ဘရယ်ဝါဒီ FDP ပါတီ၊ ဂရင်းပါတီတို့နှင့် ညွန့်ပေါင်းဖွဲ့စည်းရေးညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ရာ SPD သည်သာ နောက်ဆုံးမျှော်လင့်စရာ ဖြစ်လာခဲ့သည်။

သို့ဖြစ်ရာ မာကယ်လ်အနေနှင့် ပူးပေါင်းရန် ဘုံရည်မှန်းချက်များရှိကြောင်း SPD ကိုသာ မတ်လနှင့် ဧပြီလအတွင်း ဖျောင်းဖျရတော့မည်ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရန် ရောက်လာချိန်တွင် မာကယ်လ်က သဘောတူညီမှုရမည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သော်လည်း ရှုဇ်ကမူ ယတိပြတ်ပြောရန် ငြင်းဆန်နေဆဲဖြစ်သည်။

ဗဟိုလက်ဝဲယိမ်း SPD ကိုယ်တိုင်က ပါတီကြီးဖြစ်သော်လည်း မာကယ်လ်နှင့် ပေါင်းရန်အတွက် အဓိက မူဝါဒများကို စွန့်လွှတ်ရင်းနှင့် ထောက်ခံမှုကျဆင်းလာ ခဲ့သည်ဟု သုံးသပ်မှုများ ရှိနေသည်။

ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရန် သုံးလမျှ အချိန်ကြာနေခြင်းမှာ ဂျာမန်သမိုင်းတွင် အကြာဆုံးဖြစ်သည်။ သို့သော် ပြဿနာတစ်ရပ်မဟုတ်ဘဲ အိမ်စောင့် အစိုးရအနေနှင့် ယခင်သက်တမ်းမှ ဖွဲ့စည်းပုံအတိုင်း မာကယ်လ် ဦးဆောင်သော အစိုးရအဖွဲ့က ဟန်မပျက် ဆက်လက်အုပ်ချုပ်နေခြင်းဖြစ်သည်။

F-03



FOLLOW US