News

POST TAGGED AS

သပိတ်ကျင်း

04-Jan-2018

သပိတ်ကျင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မောင်းသည့်ကား ဆိုင်ကယ်ကိုဝင်တိုက်၊ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
သပိတ်ကျင်း၊ ဇန်နဝါရီ ၎

စဥ့်ကူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့် မောင်းနှင်လာသော ကားနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိမှု ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်နောက်တွင် ထိုင်၍ လိုက်ပါလာသူတစ်ဦး သေဆုံးသွားခဲ့ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် ပြောကြားသည်။

စဥ့်ကူးမြို့တွင်ကျင်းပမည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရန်သွားနေစဉ် ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်မှာ အမှန်ပင်ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“ကျွန်တော်က လွတ်လပ်ရေးနေ့ အခမ်းအနားကို မနက် ၇ နာရီသွားတယ်။ အဲဒီလို သွားတဲ့အခါ လမ်းမှာ ကြံသွားခုတ်တဲ့ဆိုင်ကယ်သုံးစီး မောင်းလာကြရင်း ဆိုင်ကယ်နှစ်စီးငြိတဲ့အခါ နောက်ကနေ ထိုင်ပြီးပါလာတဲ့တစ်ယောက်က ကျွန်တော့်ကားရှေ့ကိုပြုတ်ကျတယ်။ နောက်တစ်ယောက်နဲ့ ဆိုင်ကယ်တစ်စီးကလည်း ကားရှေ့ကိုဝင်လာတယ်။ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း မထိန်းနိုင်ဘူးဖြစ်သွားတယ်”ဟု ၎င်းကရှင်းပြသည်။

ယင်းသို့ ဖြစ်ခဲ့ရသည့်အတွက် ဥပဒေကြောင်းအရ ဖြေရှင်းပေးရန် ပြင်ဆင်ထားကြောင်း ဒေါက်တာဇော်ဝင်းမြင့်က ထပ်လောင်း ပြောဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်ချိန်တွင် တစ်ဦးသည် ဒဏ်ရာပြင်းထန်ပြီး တစ်ဦးမှာ ဒဏ်ရာ အနည်းငယ် ရရှိထားသည်ကိုတွေ့ရကြောင်း လက်ပန်လှ ကျေးရွာ လောကဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်သည် စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် နေထိုင်သူဖြစ်သည်။

“ဖြစ်သွားတာက လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်က ယာဉ်စည်းကမ်းလမ်း စည်းကမ်း မလိုက်နာဘူးဆိုတာမျိုး ဖြစ်လာမှာလည်း စိုးတယ်။ အခုကိစ္စကို စုံစမ်းကြည့်တဲ့အခါကျတော့ သူက နောက်ကနေ ဝင်တိုက်တဲ့သဘောမှာ ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်တယ်ဆိုတာ စစ်ရမယ်။ သူတို့အချင်းချင်းလည်း ညှိနေပါတယ်”ဟု စဥ့်ကူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိန်ထွန်းက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှကြောင့် သေဆုံးသွားသူမှာ သာယာကုန်းကျေးရွာမှ ဦးလှိုင်ဝင်းဖြစ်ပြီး လူသေဆုံးသွားမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်ကို လက်ပန်လှ ကျေးရွာရဲစခန်းက ယာဉ်(ပ) ၁/၂၀၁၈၊ ပုဒ်မ  ၃၀၄-က (ပေါ့လျော့ခြင်းဖြင့် လူသေစေမှု)၊ ပုဒ်မ ၃၃၇ (နာကျင်စေမှု)/ ၃၃၈ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။ 

M-04



FOLLOW US