News

POST TAGGED AS

သတင်းထောက်

03-Jul-2017

သတင်းထောက်
ဖမ်းဆီးခံရသည့် သတင်းထောက် သုံးဦးကို နမ့်ဆန်သို့ ပြောင်းရွှေ့ အမှုဖွင့်
လားရှိုး၊ ဇူလိုင် ၃ 

အရှေ့မြောက်ဒေသ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နှင့် သီပေါမြို့နယ် အကြားတွင် ဇွန်လ၂၆ ရက်နေ့ ညနေက ဖမ်းဆီးခြင်းခံရသည့် သတင်းထောက် သုံးဦး အပါအဝင် ခြောက်ဦးကို နမ့်ဆန်မြို့မရဲစခန်းတွင် ပြောင်းရွှေ့ အမှုဖွင့်လှစ်ထားကြောင်း နမ့်ဆန်မြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၎င်းတို့ကိုနမ့်ဆန်မြို့မရဲစခန်းတွင် ပထမသတင်းပေးချက် အမှတ်၉ / ၂၀၁၇၊ မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)အရ အမှုဖွင့်ထားကြောင်း နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့ မှူးရဲမှူးဇော်မင်းက ပြောဆိုသည်။

လတ်တလောတွင် လုံခြုံရေး အခြေအနေအရ အဆိုပါအမှုနှင့်ပတ်သက်သူများကို သီပေါမြို့နယ် တရားသူကြီး၏ ချုပ်ရမန်ဖြင့် သီပေါ အကျဉ်းထောင်တွင်သာ ဆက်လက် ထိန်းသိမ်းချုပ်နှောင်ထားကြောင်း၊ ရဲလုပ်ငန်းများ ပြီးပြည့်စုံပါက စီရင်ပိုင်ခွင့်အရ နမ့်ဆန်မြို့နယ် တရားရုံးသို့ တရားစွဲတင်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အမှုက ကျောက်မဲခရိုင်နမ့်ဆန် မြို့နယ်ထဲမှာ ဖြစ်တဲ့အမှုဖြစ်တာမို့ စီရင်ပိုင်ခွင့်အရ နမ့်ဆန်မြို့ကို လွှဲပြောင်းပေးရတာ ဖြစ်ပါတယ်”ဟု ကျောက်မဲခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ညွန့်က ဆိုသည်။

သီပေါအကျဉ်းထောင်တွင် ရှိနေသော သတင်းထောက်များကို အကျဉ်းထောင်ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများအရ သက်ဆိုင်သူ မိသားစုဝင် များက တွေ့ဆုံနိုင်ပြီး အစားအသောက် အဝတ်အထည်များကို ပေးနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

DVB သတင်းဌာနမှ သတင်းထောက် နှစ်ဦးနှင့် ဧရာဝတီ သတင်းဌာနမှ သတင်းထောက်တစ်ဦး အပါအဝင် ရှစ်ဦးကို ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ ညနေ သုံးနာရီခွဲခန့်က နမ့်ဆန်နှင့် သီပေါသွားလမ်းတွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖမ်းဆီးခံရသူ ရှစ်ဦးအနက် သံဃာနှစ်ပါးမှာ အမှုနှင့် မသက်ဆိုင်သည့်အတွက် ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-07



FOLLOW US