News

POST TAGGED AS

သတင်းထောက်

သတင်းထောက်သုံးဦးကို တရားစွဲမှု ပယ်ဖျက်ရန် HRW တောင်းဆို
ရန်ကုန်၊ ဇွန် ၃၀

တအောင်းတိုင်းရင်းသား လက်နက်ကိုင်နယ်မြေသို့ သတင်းသွားယူရာမှအပြန် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီး တရားစွဲခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် ဧရာဝတီ သတင်းဌာနတို့မှ သတင်းထောက်သုံးဦးကို တရားစွဲမှု ပယ်ဖျက်ရန် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် HRW အဖွဲ့က တောင်းဆိုလိုက်သည်။

ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် လဝီဝမ် (ခေါ်) ဦးသိန်းဇော်နှင့် ဒီမိုကရက်တစ်မြန်မာ့အသံမှ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်တို့ကို တပ်မတော်က  မတရားသင်း အက်ပုဒ်မ ၁၇ (၁) ဖြင့် သီပေါမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

တပ်မတော်အစိုးရ လက်ထက် နိုင်ငံရေးသမားများကို နှိပ်ကွပ်ရာတွင် အလားတူပုဒ်မဖြင့် အရေးယူ အပြစ်ပေးခံခဲ့ရသူ အများအပြား ပါဝင်သည့် လက်ရှိအစိုးရအနေနှင့် သတင်းသမားသုံးဦးကို  တရားစွဲဆိုထားခြင်း အမှုအား အမြန်ဆုံး ပယ်ဖျက်သင့်ကြောင်း HRW ၏ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဖီးရောဘတ်ဆန်က ပြောဆိုသည်။
“သတင်းထောက်တွေ သူတို့အလုပ် သူတို့လုပ်တာကို အာဏာပိုင်တွေက ဒီလိုတရားစွဲတာတော့ သိပ်ဆိုးရွားတဲ့ဖြစ်ရပ်ပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

လက်နက်ကိုင်အဖွဲ့များအကြောင်း သတင်းရယူခြင်းကြောင့် သတင်းထောက်များကို ဖမ်းဆီးမှုသည် မြန်မာနိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့်အတွက် အကျည်းတန်လွန်းကြောင်း၊ အမျိုးသားလုံခြုံရေး ခေါင်းစဉ်အောက်တွင် မီဒီယာအပေါ်  ကန့်သတ်ချက်များ ချနိုင်သော်လည်း သင့်တင့်လျောက်ပတ်သည့် အနေအထားဖြစ်ရန် အရေးကြီးပြီး အလွန်အကျွံ မကန့်သတ်မိရန် အရေးကြီးကြောင်း HRW ၏ ဇွန်လ ၃၀ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

သတင်းထောက်သုံးဦး ဖမ်းခံရခြင်းနှင့် ပတ်သက်၍ အကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သတင်းထောက်သုံးဦး အပါအဝင် အမျိုးသားခုနစ်ဦးကို လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီးနှင့်အတူ နမ့်ဆန်မြို့နယ်အတွင်း နမ့်ဆန်-သီပေါကားလမ်း လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ TNLA (တအာင်းလက်နက်ကိုင်အဖွဲ့) အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် တရားဥပဒေနှင့် အရေးယူ ဆောင်ရွက်နိုင်ရန် လားရှိုးမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံထားကြောင်း ဖော်ပြပါရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ယင်းသို့ တရားဝင် တိုင်းသိပြည်သိ ထုတ်ပြန်သော်လည်း သတင်းထောက် သုံးဦးကို လားရှိုးမြို့နယ် ရဲစခန်းသို့ အမှန်တကယ် လွှဲပြောင်းခြင်း မရှိခဲ့ဘဲ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီး နှစ်ရက်နီးပါး အကြာမှသာ အမှတ် (၅၀၃) ခြေမြန်တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး တရားလို ပြုလုပ်၍ သီပေါမြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်စာတွင် သတင်းထောက်သုံးဦး အပါအဝင် အမျိုးသားခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း တပ်ရေး ဗိုလ်ကြီးက အမှုဖွင့်တိုင်တန်းရာ၌ သတင်းထောက်သုံးဦး၊ ယာဉ်မောင်းနှစ်ဦး၊ အကူယာဉ်မောင်းတစ်ဦး စုစုပေါင်း ခြောက်ဦးသာ ဖြစ်ကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရှိရသည်။ 

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အရှိန်အဟုန်ဖြင့် စတင်သည့် ၂၀၁၂ ခုနှစ် ဝန်းကျင်ကာလမှ စ၍ နိုင်ငံပိုင် သတင်းမီဒီယာများမှ သတင်းထောက်များ အပါအဝင် ပြည်တွင်းပြည်ပ သတင်းဌာနမျိုးစုံမှ သတင်းထောက်များသည် နိုင်ငံတစ်ဝန်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ ရှိရာသို့ အကြိမ်ကြိမ် သွားရောက်သတင်းယူလေ့ ရှိသော်လည်း ယခုကဲ့သို့  ဖမ်းဆီးကာ မတရားအသင်းအက်ဖြင့် အမှုဖွင့်ခံရခြင်းမျိုး မရှိခဲ့ပေ။ သတင်းမီဒီယာများ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများသို့ သွားရောက်သတင်းရယူခြင်းနှင့်  ပတ်သက်၍ ရှင်းလင်းတိကျသော သတိပေး တားမြစ်ချက် တစ်စုံတစ်ရာကို အစိုးရနှင့် တပ်မတော်က ထုတ်ပြန်တားမြစ်ခြင်းမျိုးလည်း မရှိပေ။



FOLLOW US