News

POST TAGGED AS

သတင်းထောက်

24-Jul-2018

သတင်းထောက်
ရိုက်တာသတင်းထောက်နှစ်ဦး အောင်သပြေစစ်ကြောရေးစခန်းတွင် သုံးရက်တိတိ မအိပ်မနေ ဒူးထောက် စစ်ဆေးခံရဟု ထွက်ဆို

ရန်ကုန်၊ ဇူလိုင် ၂၄

နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို အောင်သပြေ စစ်ကြောရေးစခန်းတွင် ၃ ရက်တိတိ ဒူးထောက်စစ်ဆေးခံခဲ့ရကြောင်း သတင်းထောက် ကိုကျော်စိုးဦးက ယနေ့တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သတင်းထောက်နှစ်ဦးရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ရုံးချိန်းကို ဇူလိုင်လ ၂၄ ရက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် ၃၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“သုံးရက်လုံးကိုမအိပ်ဘဲ ဒီမေးခွန်းတွေပဲ ထပ်ခါထပ်ခါ မေးတယ်။ ဒီလူတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားနည်းနေတဲ့အချိန်ကို စစ်မေးတယ်။ သူတို့ အဓိက လိုချင်တာက အောင်သပြေစစ်ကြောရေးစခန်းမှာ အင်းဒင်သတင်းနဲ့ပတ်သက်ပြီး ဖုန်းထဲက ရပြီးတဲ့နောက်မှ စစ်ဆေးချိန်က ပြောင်းလဲသွားတယ်။ သတင်းထောက်တွေ လွတ်လွတ်လပ်လပ် နေလို့ရသွားတယ်။ သူတို့ လိုချင်တာမရရင်အောင် စစ်ကြောတယ်၊ နည်းလမ်းမျိုးစုံနဲ့ သုံးတာပေါ့”ဟု ဦးသန်းဇော်အောင်ကဆိုသည်။

အောင်သပြေစစ်ကြောရေးတွင် လက်ထိတ်ခတ်၍ သုံးရက်တိတိမအိပ်ရဘဲ ၂ နာရီခြားတစ်ခါ စစ်မေးသူများ ပြောင်းလဲခဲ့ပြီး မေးခွန်းတစ်မျိုးတည်းကို မေးမြန်းခဲ့ကြောင်း သတင်းထောက် ကိုကျော်စိုးဦးက ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်ဟု ၎င်းကပြောကြားသည်။

ထို့အပြင် သတင်းထောက်နှစ်ဦးကို အမှန်တကယ် ဖမ်းဆီးခဲ့စဉ်က ဆောင်းရိပ်မွန်ဘီယာဆိုင်ရှေ့ ထွက်ပေါက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရှာဖွေပုံစံတွင် မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းဆုံဟု ထောက်ကြန့်နယ်မြေရဲတပ်ဖွဲ့မှ ရှာဖွေပုံစံကို သွင်းခဲ့ခြင်းသည် မှားယွင်းနေကြောင်း သတင်းထောက် ကိုကျော်စိုးဦးက ရုံးချိန်းအပြီး မီဒီယာများကို ပြောကြားသည်။

“ကျွန်တော် ဒီနေ့ ထွက်ဆိုခဲ့တာက အပိုင်းသုံးပိုင်းရှိတယ်။ ကျွန်တော်တို့ကို ထောင်ချောက်ဆင် ဖမ်းတာရယ်၊ အောင်သပြေ စစ်ကြောရေးစခန်း ရောက်တဲ့အပိုင်း၊ ကျွန်တော့်ဖုန်းထဲက အင်းဒင် ဇာတ်လမ်းကို သူတို့တွေ့ပြီးတဲ့နောက် မင်း ဘာလို့ အထက်လူကြီးတွေကို မပြောတာလဲဆိုပြီး အကြာကြီး ဒူးထောက်ခိုင်းပါတယ်။ မြောက်ပိုင်းသတင်းနဲ့ပတ်သက်ပြီး ဘယ်လို အချက်အလက်တွေရရှိပြီလဲ ကျွန်တော်တို့ကို ထပ်ခါတလဲလဲ မေးတယ်”ဟု ၎င်းကပြောကြားသည်။

နောက်ထပ်ရုံးချိန်းကို ဇူလိုင်လ ၃၀ ရက်ကို ထပ်မံ ချိန်းဆိုထားပြီး ရုံးချိန်းတွင် သတင်းထောက် ကိုကျော်စိုးဦးကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ထောက်ကြန့်နယ်မြေ ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

J-18



FOLLOW US