News

POST TAGGED AS

သတင်းထောက်

22-May-2018

သတင်းထောက်
ရိုက်တာသတင်းထောက်ရှေ့နေ ကန့်ကွက်သော်လည်း စီအိုင်ဒီတပ်ဖွဲ့၏ သက်သေခံမှုကို တရားရုံးလက်ခံ

ရန်ကုန်၊မေ ၂၂

သက်သေခံ ဥပေဒေနှင့်အညီ တင်သွင်းခြင်းမရှိကြောင်း ရိုက်တာသတင်းထောက်များ၏ရှေ့နေများ ကန့်ကွက်နေသော်လည်း စီအိုင်ဒီ(မှုခင်းတပ်ဖွဲ့) မှ တင်သွင်းသည့်သက်သေကို မေလ ၂၂ ရက် ရုံးချိန်းတွင် တရားရုံးကလက်ခံခဲ့ကြောင်း သတင်းထောက်နှစ်ဦးရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ကျွန်တော်တို့ ကန့်ကွက်တဲ့ကြားက တရားရုံးက လက်ခံလိုက်တယ်။ အင်းဒင်သတင်းနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ခုမှ မပါလားဘူး။ ဒါပေမဲ့ တရားစွဲအဖွဲ့အစည်းက ဒီအမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ချင်တဲ့သဘော ဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

ရုံးချိန်းတွင် တရားလိုပြသက်သေ CID မှ ကျွမ်းကျင်ပညာရှင် ရဲမှူးအောင်ကျော်ဆန်းက ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကျော်စိုးဦးတို့ဖုန်းထဲမှ သက်သေခံစာရွက်၂၁ ရွက်ကို တရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာတွင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်သည့်သတင်းကို ဖော်ထုတ် ရေးသားသော်လည်း အင်းဒင်သတင်းနှင့် ပတ်သက်သည် သက်သေခံစာရွက်များ မပါဝင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ကြောင့် သက်သေခံဥပဒေနှင့် မကိုက်ညီသောကြောင့် သတင်းထောက် နှစ်ဦး၏ရှေ့နေများက မေလ ၂၁ ရုံးချိန်းတွင် ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

“ဒီသက်သေခံတွေကို လက်မခံသင့်ကြောင်းကို ကန့်ကွက်တယ်။ ဒါပေမဲ့ တရားသူကြီးက လက်ခံတာက သူ့သဘောပေါ့”ဟု ၎င်းကဆိုသည်။

သို့သော် သက်သေခံစာရွက် ၂၁ ရွက်ကို တရားရုံးက လက်ခံခြင်းသည် ဝလုံးနှင့် ကျော်စိုးဦးတို့ထံမှ သိမ်းဆည်းခဲ့သော ဖုန်းဖြင့်တိုက်ဆိုင်စစ်ဆေးသောကြောင့် တရားရုံးက လက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ အမှုတွင် တရားလိုပြ သက်သေ ၂၄ ယောက်တွင်၂၀ ဦးကို စစ်ဆေးပြီးဖြစ်သည်။

နောက်ထပ် ရုံးချိန်းကိုမေလ ၂၈ ရက်နှင့် ၂၉ ရက်တို့သို့ ထပ်မံ ချိန်းဆိုထားပြီး ရုံးချိန်းတွင် စီအိုင်ဒီ မှုခင်းတပ်ဖွဲ့က ရဲမှူးအောင်ကျော်ဆန်းကို ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာ သတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ အပါအဝင် ရဲဝန်ထမ်းနှစ်ဦးတို့ကိုဒီဇင်ဘာလ ၁၂ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခနှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟူ၍ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

J-18



FOLLOW US