News

POST TAGGED AS

သတင်းထောက်

21-May-2018

သတင်းထောက်
ရိုက်တာအမှု တရားလိုပြသက်သေ ရဲမှူးထွက်ဆိုချက်ကို သတင်းထောက်နှစ်ဦး ရှေ့နေ ကန့်ကွက်

ရန်ကုန်၊ မေ ၂၁

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံရသော ရိုက်တာ သတင်းထောက်နှစ်ယောက်အမှုတွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုသည့် နည်းပညာ၊ မှုခင်းဌာနမှ ရဲမှူးအောင်ကျော်ဆန်း၏ ထွက်ဆိုချက် ၂၁ ချက်တွင် အင်းဒင်သတင်းနှင့် ပတ်သက်သည့် သက်သေ အထောက်အထား မပါသောကြောင့် ကန့်ကွက်ခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ယနေ့ ရုံးချိန်းကို မေလ၂၁ ရက် မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရုံးချိန်းတွင် နည်းပညာမှုခင်းဌာနမှ ရဲမှူး အောင်ကျော်ဆန်းသည် ဖမ်းဆီးခံ ထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကျော်စိုးဦးတို့၏ ဖုန်းများမှရရှိသည့် အချက်အလက် ၂၁ ချက်ကို တရားရုံးတွင် တရားလိုပြသက်သေအဖြစ် ယနေ့ တွင် တင်သွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အင်းဒင်သတင်းနဲ့ ပတ်သက်ပြီး မပါလာဘူး။ တရားရုံးက လက်မခံဘူး။ ကျွန်တော်တို့ သက်သေခံဥပဒေနဲ့မညီလို့ ကန့်ကွက်တယ်။ နောက်နေ့မှာ ထပ်စစ်ဆေးမယ်။ သူကတော့ အဲဒါတွေကို ထိပ်တန်းလျှို့ဝှက်လို့သုံးပြီး ပြောနေတယ်။ သက်သေခံ လာသုံးနေတယ်။ သက်သေခံအချက် ၂၁ ချက်ကို ဘယ်နေရာက ရတာလဲ ပြောဆိုတာက ပါးစပ်ပြောပဲရှိတယ်။ သက်သေထင်ရှား ပြောဖို့ လိုတယ်။ ဘယ်နေရာက သက်သေထုတ်ဖို့လိုတယ် မူရင်းနဲ့ ပြဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

ရဲမှူးတင်သွင်းသည့် သက်သေ အချက်အလက်များတွင် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်လမ်းကြောင်း၊ လွှတ်တော်မှ ထုတ်ပြန်ချက်များ၊ မာန်အောင်ကျွန်းမှ စီးပွားရေးဆိုင်ရာ အချက်အလက် အပါအဝင် ၂၁ ချက်ကို ရုံးတော်တွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ရိုက်တာသတင်းထောက် နှစ်ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် မငြိ ငြိအောင် လုပ်နေသည်ဟု သံသယရှိကြောင်း ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံးက ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောကြားသည်။

“အိုင်တီကျွမ်းကျင်သူလို့ ပြောတယ်။ ကျွန်တော်တို့ ဖုန်းထဲမှာတွေ့တဲ့ စာရွက်စာတမ်းတွေကို သူတို့တင်တာ တွေ့ရတယ်။ တရားရုံးမှာ စစ်ဆေးဖို့ လိုသေးတယ်ဆိုပြီး တရားသူကြီးက အတင်မခံဘူး။ အဖမ်းမခံရသေးခင် အင်းဒင်ရွာမှာ စုံစမ်းဖော်ထုတ်တာတွေ ရှိတယ်။ ဒီလို့အချက်အလက်တွေ ပါလာတာ မရှိဘူး။ တချို့ စာရွက်စာတမ်းတွေ ဘယ်ကမှန်း မသိပါဘူး။ ဖေ့စ်ဘွတ်ခ် Messenger တွေက ဝင်လာတာတွေ ဖြစ်လိမ့်မယ်”ဟု ၎င်းကဆိုသည်။

နောက်ထပ်ရုံးချိန်းကို မေလ ၂၂ ရက်တွင် တရားလိုပြ သက်သေအဖြစ် နည်းပညာ၊ မှုခင်းဌာနမှ ရဲမှူး အောင်ကျော်ဆန်းကို ဆက်လက်စစ်ဆေးမည် ဖြစ်သည်။

အဆိုပါအမှုတွင် တရားလိုပြသက်သေ ၂၄ ယောက်တွင် ၂၀ ဦးကို စစ်ဆေးပြီးဖြစ်သည်။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်က စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်း လက်ဝယ်တွေ့ရှိမှုဖြင့် ထောက်ကြန့် နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

J-18



FOLLOW US