News

POST TAGGED AS

သတင်းထောက်

အထက်ခွင့်ပြုချက်မရှိဘဲ ရိုက်တာ သတင်းထောက်များကို တွေ့ဆုံခြင်းမရှိဟု ဒုရဲမှူးဟောင်း မိုးရန်နိုင် ထွက်ဆို

ရန်ကုန်၊ မေ ၉ 

အထက်ခွင့်ပြုချက်မရှိဘဲ ရိုက်တာ သတင်းထောက်နှစ်ဦးကို တွေ့ဆုံခြင်း မရှိကြောင်း တရားလိုသက်သေ ဒုရဲမှူးဟောင်း မိုးရန်နိုင်က မေလ ၉ ရက်က ပြုလုပ်သည့် ရိုက်တာ သတင်းထောက်နှစ်ဦး ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်က နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ရိုက်တာသတင်းထောက် နှစ်ယောက်ကို အရေးယူပေးရန် ညွှန်ကြားသူမှာ ရဲမှူးချုပ်တင်ကိုကိုဖြစ်ကြောင်း၊ ယင်းအပြင် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကြောင်းလည်း ထွက်ဆိုခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ခုနကဟာတွေအပြင် ကိုဝလုံးတို့၊ ကျော်စိုးဦးတို့ ဘယ်လိုဖမ်းခံရသလဲကို ထွက်ဆိုသွားတယ်”ဟု ၎င်းက ဆိုသည်။ 

၎င်းကဆက်လက်ပြီး “ဒီစာရွက်တွေကို ပေးခိုင်းတဲ့ ရဲမှူးချုပ် တင်ကိုကိုရော၊ ဒုတပ်ကြပ် ရဲနိုင်လင်းရော တကယ် စာရွက်ပေးတဲ့သူတောင် အရေးယူခံရတာ မသိဘူးလို့ ထွက်ဆိုထားတော့ ဒီစာရွက်နဲ့ တွေ့ပါတယ်ဆိုတဲ့ သတင်းထောက်တွေလည်း လွတ်နိုင်တယ်”ဟု ယနေ့ ရုံးချိန်းအပြီး သုံးသပ်ပြောကြားသည်။ 

ယနေ့ရုံးချိန်းတွင် ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ထွက်ဆိုချက်များသည် အမှုအတွက် အမှန်တရားများကို ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးက ပြောကြားသည်။

“သူက တကယ့်ကို အမှန်တရားတွေကို ထွက်ဆိုသွားတယ်။ သူ့အတွက်ရော၊ ကျွန်တော်တို့အတွက်ရော အမှန်တရားနဲ့ တရားမျှတမှုက မကြာခင် ရောက်လာတော့မယ်။ ဒီလိုမျိုး တရားမျှတမှုကို မြတ်နိုးသူတွေ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရှိတယ်။ ဒီနေ့ သက်သေပြပြီး ထွက်ဆိုသွားတယ်”ဟု သတင်းထောက် ကိုဝလုံးကဆိုသည်။

မိမိအားထောင်ဒဏ် တစ်နှစ်ချခြင်းသည် ရဲတပ်ဖွဲ့အနေနှင့် ဥပဒေကို ကျော်လွန်သည့် အမိန့်ညွှန်ကြားချက်များ ရှိနေသည့်အတွက်ကြောင့် ဖြစ်ကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က ယနေ့ ရုံးချိန်းအပြီးတွင် သတင်းထောက်များကို ပြောသည်။

“အမှန်တရားအတွက် ထောင်ကျတာ။ အဲဒီအတွက် သတ္တိရှိတယ်”ဟု ၎င်းကဆိုသည်။

ရိုက်တာ သတင်းထောက်များ၏ ရုံးချိန်းကို မေလ ၁၆ ရက်သို့ ထပ်မံ ချိန်းဆိုလိုက်သည်။

J-18



FOLLOW US