News

POST TAGGED AS

သတင်းထောက်

21-Apr-2018

သတင်းထောက်
ရိုက်တာသတင်းထောက်နှစ်ဦးကိုထောင်ချောက်ဆင်ဖမ်းဆီးခဲ့ကြောင်း ထွက်ဆိုခဲ့သည့်ဒုရဲမှူး၏ မိသားစုရဲလိုင်းခန်းမှဖယ်ရှားခံရ

ရန်ကုန်၊ ဧပြီ၂၁

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာ သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့သည်ဟု ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုဝင်များမှာ နေပြည်တော်ရှိရဲလိုင်းခန်းမှ ဧပြီလ ၂၁ ရက် နံနက်ပိုင်းတွင် ဖယ်ရှားခံရသည်။

မင်္ဂလာဒုံမြို့နယ်တရားရုံးတွင်ဧပြီလ ၂၀ ရက်နေ့က ပြုလုပ်သော ၁၄ ကြိမ်မြောက် ရုံးချိန်းတွင် ဒုရဲမှူး မိုးရန်နိုင်က ရိုက်တာ သတင်းထောက်နှစ်ဦးကို အထက်အရာရှိ၏ စေခိုင်းချက်အရ
စာရွက်စာတမ်းများပေး၍ ဖမ်းဆီးခိုင်းခဲ့ကြောင်း ရုံးတော်ရှေ့တွင်ထွက်ဆိုခဲ့ပြီးနောက်တစ်ရက်အကြာတွင်မိသားစုဝင်များမှာ နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံလိုက်ရခြင်း ဖြစ်သည်။ 

“ဒီမနက် ၇ နာရီလောက်မှာ ဖုန်းဝင်လာတယ်။ ဒုရဲအုပ်တစ်ယောက်က အစ်မတို့လိုင်းခန်းက ချက်ချင်း ဖယ်ပေးရမယ်လို့ပြောတယ်။ မိုးမချုပ်စေရပါဘူး ဖယ်ပေးပါ့မယ်လို့ ကျွန်မ ပြောလိုက်တယ်။ ဘာကြောင့် ဖယ်ခိုင်းတယ်ဆိုတာတော့ မပြောဘူး”ဟု ဒုရဲမှူး မိုးရန်နိုင်၏ ဇနီး မတူးက မီဒီယာများကို ဖြေကြားခဲ့သည်။

၎င်း၏ ခင်ပွန်းဖြစ်သူမှာ ဒုရဲမှူးအဖြစ် ရာထူးတိုးခံရပြီးနောက် ရဲတပ်ရင်း (၈)သို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး သိပ်မကြာခင် ရခိုင်ရှေ့တန်းခရီးစဉ်သို့ လိုက်ပါသွားခဲ့ကြောင်း၊ လေးလခန့်အကြာ ရှေ့တန်းမှ ခင်ပွန်းဖြစ်သူ ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပြီး တပ်ရင်းမှူးက ပြုလုပ်ပေးသည့် ပျော်ပွဲရွှင်ပွဲသို့ တက်ရောက်ရန် ခေါ်သဖြင့် သွားရောက်၍ ခင်ပွန်းဖြစ်သူ ဒုရဲမှူး မိုးရန်နိုင်နှင့်တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ၎င်းတို့ ဇနီးမောင်နှံ၏ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒုရဲမှူး မိုးရန်နိုင်အတွက် နိုင်ငံတော်သမ္မတကြီးအနေနှင့်ငဲ့ညှာပြီး ယင်းပြဿနာကို အမှန်တရား ပေါ်ပေါက်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ဧပြီလ ၂၁ ရက်နေ့တွင် ဒုရဲမှူး မိုးရန်နိုင်၏ဇနီး မတူးက မီဒီယာများထံ ပြောကြားခဲ့သည်။ 

“ကျွန်မတို့ မိသားစုကို ငဲ့ညှာသောအားဖြင့် အမှန်တရားအတိုင်း ဖြစ်လာပါစေလို့ သမ္မတကြီးကို ပြောချင်တယ်။ ရာထူးလည်း ပြန်မလိုချင်တော့ဘူး။ ထောင်မကျရင် တော်ပါပြီ။ ဒီတပ်ဖွဲ့ထဲမှာလည်း မနေချင်တော့ဘူး။ အပြင်မှာ ဘာပဲလုပ်ကိုင်စားရပါစေ။ ကျွန်မယောက်ျား ထောင်မကျရင် တော်ပါပြီ”ဟု မတူးက ပြောသည်။

“ကျွန်မတို့မှာ ကလေးသုံးယောက်ရှိတယ်။ သူ(ဒုရဲမှူး မိုးရန်နိုင်)နဲ့ အဆက်အသွယ် အခုထိမရသေးဘူး။ အခု ကျွန်မတို့ မိသားစုဖြစ်နေတဲ့ ပြဿနာကိုလည်း သူ့အနေနဲ့ သိရှာမှာမဟုတ်ဘူး”ဟု မတူးကဆိုသည်။

ဒုရဲမှူး မိုးရန်နိုင်၏ မိသားစုဝင်ကို ရဲလိုင်းခန်းမှ ချက်ချင်း ဖယ်ရှားမှုနှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ရိုက်တာ သတင်းထောက်နှစ်ဦး ထောင်ချောက်ဆင်ဖမ်းခဲ့သည်ဟု သက်သေထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်၏ကိစ္စ လာမည့် ဧပြီလ ၂၃ ရက်နေ့ ဆွေးနွေးသွားမည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။
 
ရိုက်တာသတင်းဌာနမှ ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ထောင်ဖမ်းခံရသည်ဟုထင်မြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကအဖွဲ့ဝင် ဦးဝင်းထိန်က ၂၀၁၇ ဒီဇင်ဘာလလယ်က မီဒီယာများကို ပြောကြားထားသည်။

 “ကိုယ်ထင်တာတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ။ သူတို့က စာရွက်စာတမ်းတွေနဲ့ မိတယ်လေ။ အဲ့ဒီ စာရွက်စာတမ်းတွေက သူတို့နဲ့အတူ ထမင်းစားပြီးတဲ့ ရဲတွေဆီက ရတယ်လို့ သိရတယ်။ ထွက်သွားတော့မှ တစ်နေရာ ကျတော့မှ အဖမ်းခံရတာ။ လက်ပူးလက်ကြပ်မိရော။ သတင်းထောက်လုပ်ပြီး အဲ့လောက် အ, ရ သလား။ လျင်ရမယ်လေ၊ သတင်းထောက်လုပ်ရင် မအကြနဲ့၊ အ, ရင် ခံသွားရမယ်”ဟု မှတ်ချက်ပြုထားသည်။ 

S-03



FOLLOW US