News

POST TAGGED AS

သတင်းထောက်

11-Apr-2018

သတင်းထောက်
ရိုက်တာ သတင်းထောက်နှစ်ဦးအား အမှုမှ ပလပ်ပေးရန်လျှောက်ထားချက် ပယ်ချခံရ

ရန်ကုန်၊ ဧပြီ ၁၁

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံနေရသော Reuters သတင်းထောက်၂ ဦး၏ အမှုကို ယနေ့ (ဧပြီလ ၁၁ ရက်)က ရုံးထုတ်စစ်ဆေးခဲ့ရာ သတင်းထောက်နှစ်ဦးအပေါ် စွဲချက်မတင်ဘဲ အမှုမှ ပလပ်သင့်ကြောင်း လျှောက်ထားချက်ကို မင်္ဂလာဒုံမြို့နယ် တရားရုံးက ပယ်ချလိုက်သည်။

"ကျွန်တော်တို့က စွဲချက်မတင်ခင်လွှတ်ပေးဖို့ လျှောက်လွဲချက် တင်တယ်။ ဒီနေ့ရုံးချိန်းမှာ အရေးကြီးသက်သေ ၈ ယောက်ဖို့ စစ်ဆေးဖို့ကျန်သေးတယ်လို့ တရားသူကြီးက ပြောတယ်။ ကျွန်တော်လျှောက်လွဲချက်ကို ဒီနေ့ရုံးချိန်းမှာ ပယ်ချတယ်လို့ အမိန့်ချလိုက်တယ်"ဟု သတင်းထောက်နှစ်ဦး၏ အကျိုးဆောင်ရှေနေ့ ဦးသန်းဇော်အောင်က ပြောကြားသည်။

ရုံးထုတ်စစ်ဆေးအပြီးတွင် တရားရုံးမှ အထွက်တွင် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက အမှန်တရား ဖော်ထုတ်ရေးသားသူကို ထောင်ဒဏ် ၁၄ နှစ်ကျမည့် ပုဒ်မဖြင့် စွဲချက်တင်ထားခြင်းက တရားမျှတမှုမရှိဟု ပြောကြားခဲ့ပြီး အင်းဒင်းရွာ လူသတ်မှုနှင့်ပတ်သက်၍ လူအစုလိုက် ၁၀ ယောက်လောက်သတ်တဲ့သူတွေကို ၁၀ နှစ် အမိန့်ချတဲ့ တရားမျှတမှုမရှိဘူး”ဟု ဝေဖန်လိုက်သည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက်ကိုဝလုံး၏ အမျိုးသမီး မပန်းအိက “ဒီနေ့ကို မျှော်လင့်မိတယ်။ ဒါကမတရားဘူးဆိုတာ လူတိုင်းသိတဲ့ကိစ္စကို ဒီနေ့ ပယ်ချခံလိုက်ရတယ်။ သူရှေ့မှာ ကျွန်မ အမြဲပျော်ချင်ယောင် ဟန်ဆောင်နေခဲ့တယ်။ အမြန်လွှတ်ပေးစေချင်တယ်"ဟု၎င်းက ရုံးထုတ်စစ်ဆေးအပြီးတွင် မီဒီယာများကိုပြောသည်။

ရိုက်တာသတင်း၏ ထုတ်ပြန်ချက်အရ သတင်းထောက် နှစ်ဦးမှာ အင်းဒင်ရွာတွင် ၁ဝ လောင်းပြိုင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရခိုင် ရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို မေးမြန်းခြင်း၊ ဓာတ်ပုံသက်သေများ စုဆောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်းဖော်ပြသည်။

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် အင်းဒင်ကျေးရွာတွင် ၂၀၁၇ ခုနစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုတွင် ပါဝင်ခဲ့သော တပ်မတော်သားအရာရိှ ၄ ဦးနှင့် စစ်သည် ၃ ဦး တပ်မတော်မှထုတ်ပယ်၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကို နယ်ဘက်တရားရုံးတွင် ကျခံစေလိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်ရုံးက ဧပြီလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က သတင်းလွတ်လပ်ခွင့် ရရှိရေးနှင့် ဖမ်းဆီးတရားစွဲဆိုထား သတင်းထောက်နှစ်ဦးလွှတ်ပေးရန်အတွက် ဧပြီ ၄ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ အိတ်ဖွင့်စာပေးပို့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသည့် ရိုက်တာသတင်းထောက် သက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအာင်အပါအ၀င် ရဲဝန်ထမ်းနှစ်ဦးတို့ကို ဒီဇင်ဘာ ၁၂ ရက် ညနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်သည့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟူ၍ ထောက်ကြန့် နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် အရေးယူထားခြင်းဖြစ်သည်။

အဆိုပါ အမှုအတွက် နောက်ရုံးချိန်းကို ဧပြီ ၂ဝ ရက်ကို ပြုလုပ်မည်ဖြစ်ရာ တရားလိုပြသက်သေ ရဲတပ်သား သုံးဦးကိုစစ်ဆေးမည်ဖြစ်သည်။

j-18



FOLLOW US