News

POST TAGGED AS

သတင်းထောက်

ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး အသည်းရောဂါစစ်ဆေးရန် လိုအပ်ဟု ရှေ့နေ့ပြော
ရန်ကုန်၊ မတ် ၁၄

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ နှင့် ဖမ်းဆီးခံရသည့် ရိုက်တာသတင်းထောက် နှစ်ဦးအနက် ကိုကျော်စိုးဦးသည် အသည်းရောဂါစစ်ဆေးရန် လိုအပ်နေပြီဟု ၎င်းတို့၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်ပတ်က ထောင်မှာသွားတွေ့တယ် မျက်လုံးတွေ ဝါနေတယ်။ တော်တော် ပိန်သွားတယ်။ ကျန်းမာရေးအခြေအနေ သိပ်မကောင်းဘူးလို့ ပြောတယ်။ အသည်းရောဂါရှိနေတယ်လို့ ခံစားရတယ်။ ထောင်ပိုင်ကိုပြောပြီး ဆေးစစ်ဖို့ ပြောတယ်။ ကိုကျော်စိုးဦးကလည်း သူကိုယ့်သူ ဆရာဝန်နဲ့တိုင်ပင်ချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ထောင်ကဆေးခန်းကို သူမစစ်ဆေးချင်ဘူး။ အပြင်ဆေးခန်းနဲ့ သူ့ကို စစ်ပေးစေချင်တယ်လို့ ပြောနေတယ်”ဟု ဦးသန်းဇော်အောင်က ဆိုသည်။ 

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ယောက်အမှုကို မြောက်ပိုင်းခရိုင်တရားရုံးတွင် မတ်လ ၁၄ ရက်က ကိုးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရုံးချိန်းတွင် တရားလိုဘက်က သတင်းထောက် ကိုဝလုံး၏ ဖခင်နေထိုင်သည့် မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဦးသန်းဇော်အောင်က ပြောကြားသည်။

တရားလိုသက်သေပြနှစ်ဦးက ဝလုံး၏ဖခင်အိမ်မှ ပစ္စည်းငါးမျိုးကို ရှာဖွေပုံစံဖြင့် လက်မှတ်ထိုးရှာဖွေခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ၎င်းကပြောကြားသည်။ 

“ဒီကနေ့စစ်ချက်တွေမှာ ရှေ့က ရဲတွေ ထွက်ဆိုတာတွေလည်း ရှိတယ်။ သတင်းသမားတွေကလည်း မီဒီယာဥပဒေနဲ့ သတင်းယူခဲ့တယ်။ သက်သေက ၁၂ ဦးထိစစ်ပြီးတော့ အမှုရုပ်လုံးက ပေါ်နေပြီး သတင်းသမားတွေ သတင်းလိုက်ရင် ဖမ်းခံရတာ တရားမျှတမှုက တရားရုံး လုပ်ထုံးလုပ်နည်းပေါ် မူတည်နေတယ်”ဟု ၎င်းက ဆိုသည်။

ရုံးချိန်းတွင် တရားလိုပြသက်သေ ၂၅ ဦးအနက် ၁၂ ဦးကို စစ်ဆေးခဲ့ပြီး၊ နောက်ထပ်ရုံးချိန်းကို မတ်လ ၂၁ ရက်သို့ ချိန်းဆိုထားသည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် အပါအဝင် ရဲဝန်ထမ်းနှစ်ဦးတို့ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းအချို့ လက်ဝယ်တွေ့ရှိသဖြင့် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ ဖြင့် အရေးယူထားခြင်းဖြစ်သည်။

J-18



FOLLOW US