News

POST TAGGED AS

သတင်းထောက်

ဖမ်းဆီးခံသတင်းသမားများ လွတ်မြောက်ရေး ပဲခူးတွင် ဆန္ဒပြ


ရန်ကုန်၊ မတ် ၎

အစိုးရလျှို့ဝှက် အက်ဥပဒေ ပုဒ်မ (၃) နှင့် တရားစွဲခံထားရသည့် သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပြန်လည်လွတ်မြောက်ရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် ပဲခူးမြို့အခြေစိုက် သတင်းသမားများနှင့် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီတို့ ပူးပေါင်းပြီး မတ်လ ၄ ရက် ညနေ ၃ နာရီမှ ၆ နာရီထိ ပဲခူးမြို့တွင် ဆန္ဒပြခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲတွင် အင်အားတစ်ရာဝန်းကျင် ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်ရုပ်တုအနီးမှာ စုဝေးကာ သတင်းသမား လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ်ခဲ့ပြီး ရွှေမော်ဓောဘုရားလမ်းအတိုင်း ပဲခူးမြို့အတွင်း လှည့်လည်ချီတက်၍ ညနေ ၆ နာရီခန့်တွင် ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်တွင် လူစုခွဲခဲ့သည်။

“ဒီမိုကရေစီအစိုးရလို့ ပြောတဲ့အချိန်ထိကို သတင်းသမားတွေအတွက် အကန့်အသတ်တွေ ရှိနေတုန်းပဲ၊ အခုတရားစွဲထားတဲ့ အစိုးရလျှို့ဝှက် အက်ဥပဒေ ဆိုတာကလည်း သတင်းသမားတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ မြင်တယ်”ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီဝင် မသဲကိုက ဆိုသည်။

ပဲခူးမြို့အခြေစိုက် သတင်းသမားများအနေနှင့် ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများ၌ သတင်းယူရာတွင် မချေမငံပြောဆိုခံရခြင်းနှင့် ကန့်သတ်ချက်အချို့ရှိနေပြီး အစိုးရသတင်းဌာနမှ သတင်းသမားနှင့် ခွဲခြားဆက်ဆံခံရမှုများ ရှိကြောင်း ပဲခူးအခြေစိုက် သတင်းသမားများထံမှ သိရသည်။

လက်ရှိဖမ်းဆီးခံထားရသော သတင်းသမားနှစ်ဦး ပြန်လည်လွတ်မြောက်ရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်ပြီး ရန်ကုန်၊ ပြည်၊ ပုသိမ်နှင့်ပဲခူးတို့တွင် ဆန္ဒပြလှုပ်ရှားခဲ့ပြီး ဆက်လက်၍ မန္တလေးမြို့တွင် ဆန္ဒပြသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ အဆက်ဆက်သည် သတင်းသမားများကို ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့ပြီး ယခု NLD အစိုးရ လက်ထက်တွင်လည်း သတင်းသမားများ တရားစွဲဆိုခံနေရတုန်းပင် ဖြစ်သည်။

ဝေလင်း



FOLLOW US