News

POST TAGGED AS

သတင်းထောက်

21-Feb-2018

သတင်းထောက်
အင်းဒင်ရွာ ၁၀ ဦးအသတ်ခံရမှု ရေးသားခဲ့ကြောင်း ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦး ပြောကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

“မြန်မာနိုင်ငံမှ အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှု” အမည်ပေးထားသော အင်းဒင်ရွာ ၁၀ ဦးအသတ်ခံရမှုကို ရေးသားခဲ့ကြောင်း ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦးက ဖေဖော်ဝါရီလ ၂၁ ရက် ခုနစ်ကြိမ်မြောက် ရုံးထုတ်တွင် The Voice ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

နိုင်ငံတော် လျှို့ဝှက်ချက်အက် ဥပဒေဖောက်ဖျက်မှုနှင့် ဖမ်းဆီးခံထားရသော ရိုက်တာသတင်းသမား ၂ ဦး ပါဝင်ရေးသားထားသည့် “မြန်မာနိုင်ငံမှ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု”အမည်ရှိ အင်းဒင်ရွာ ၁၀ ဦး အသတ်ခံရမှုကို ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာဘာသာဖြင့်ပါ ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ ရေးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ သတင်းသမားအနေနဲ့ သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ သတင်းရေးခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့လည်း မီဒီယာ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့လည်း အပြည့်အဝ ယုံကြည်တယ်။ နောက်တစ်ခုကလည်း ဒီသတင်းက တရားဥပဒေ စိုးမိုးရေးကိုလည်းပဲ အထောက်အကူဖြစ်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်”ဟု ရိုက်တာသတင်းထောက် သက်ဦးမောင် (ခ) ဝလုံးက ဆိုသည်။

“အဲဒီသတင်းတွေက ကျွန်တော်တို့ အကုန်လုံး လိုက်ခဲ့တာပဲ။ ရိုက်တာက ထုတ်ပြန်တဲ့အပေါ် ဘာမှပြောစရာ မရှိပါဘူး။ ကျွန်တော်တို့လိုက်တဲ့သတင်းကို ထုတ်လိုက်တာပါပဲ။ ထူးခြားတဲ့ဖြစ်စဉ်တော့ မဟုတ်ပါဘူး”ဟု ရိုက်တာသတင်းဌာန၏ အစီရင်ခံစာ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ရိုက်တာသတင်းထောက် ကျော်စိုးဦး (ခ) မိုးအောင်က ပြောဆိုသည်။

သတင်းထောက်နှစ်ယောက် ရေးသားထားသည့် အင်းဒင်ရွာ သတင်းသည် တရားဥပဒေစိုးမိုးမှုကို ကူညီပေးရင်း အဖမ်းခံရခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အမည်ပေးထားသော အင်းဒင်ရွာသား ၁၀ ဦးသတင်းကို သက်သေခံအဖြစ် တရားရုံးတင်ခဲ့ကြောင်း သတင်းထောက်နှစ်ဦး ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။ 

“ကျွန်တော်တို့ ၁၃ ရက်က ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်က သတင်းစာ ရှင်းလင်းပွဲမှာ ရိုက်တာ သတင်းသမား နှစ်ယောက်ကိစ္စ ပါတယ်။ အဲဒီမှာတည်းက ကျွန်တော် သတိထားမိတာ အစိုးရရဲ့သဘောထားကို ကျွန်တော်မြင်မိတယ်။ နောက်တစ်ခါ ဒီအမှုမှာ တရားစွဲ အဖွဲ့အစည်းရယ် အစိုးရနဲ့ တပ်မတော်ကြား အချက်အလက် ကွာဟနေတယ်။ အပေါ်ပိုင်း လူကြီးတွေ သိထားတာ တစ်မျိုးဖြစ်လိမ့်မယ်။ ဒီနေ့ ကိုဝလုံး၊ ကျော်စိုးဦးတို့ လုပ်ခဲ့တဲ့ အင်းဒင်သတင်းကို သက်သေအနေနဲ့ တင်တယ်။ ဒီသတင်းထောက်တွေက။ သူတို့ သတင်းလိုက်ရင်း အဖမ်းခံရတယ်လို့ ပြောတယ်။ တကယ် သေချာတာက တရားဥပဒေစိုးမိုးဖို့ ကူညီရင်းနဲ့ ဒီသတင်းထောက်တွေက အဖမ်းခံလိုက်ရတာပါ။ ပြည်တွင်း မီဒီယာဖြစ်ဖြစ်၊ ပြည်ပ မီဒီယာဖြစ်ဖြစ် တရားဥပဒေ စိုးမိုးမှုအတွက် ကူညီဖို့ တာဝန်ရှိတယ်”ဟု ၎င်းကပြောကြားသည်။ 

ဖမ်းဆီးခံထားရသူ ၎င်းတို့နှစ်ဦး အပါအဝင် ရဲဝန်ထမ်း နှစ်ဦးတို့သည် ဒီဇင်ဘာလ ၁၂ ရက် ညက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်သည့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟူ၍ ထောက်ကြန့်နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူခံထားရခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ဓာတ်ပုံ တစ်ပုံလည်း ပူးတွဲဖော်ပြထားပြီး ဤဓာတ်ပုံသည် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦး အသတ်ခံရသောနေ့၌ ရိုက်ကူးထားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ယင်းဓာတ်ပုံကို ဗုဒ္ဓဘာသာဝင် ကျေးရွာလူကြီး တစ်ဦးထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး မျက်မြင်သက်သေများက မှန်ကန်ကြောင်း ထောက်ခံပေးခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည့် အင်းဒင်ရွာတွင် လူ ၁၀ ဦး အသတ်ခံရမှုကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၁၀ ရက်က သတင်းထုတ်ပြန်ထားခဲ့သည်။

ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦး ကို အင်းဒင်ကျေးရွာ သုသာန်သို့ ခေါ်ဆောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသားအချို့က သတ်ဖြတ်ခဲ့သည်ကို တပ်မတော် စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-18



FOLLOW US