News

POST TAGGED AS

သတင်းထောက်

ဖမ်းဆီးခံသတင်းသမားများ လွှတ်ပေးရေး ပုသိမ်တွင် ဆန္ဒပြ


ပုသိမ်၊ ဖေဖော်ဝါရီ ၁၁

ဖမ်းဆီးခံထားရသော သတင်းသမားများကိုလွှတ်ပေးရေးအတွက် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ဦးဆောင်၍ ပုသိမ်ဒေသခံ သတင်းသမားများနှင့် အဖွဲ့အစည်းများမှ ၃၀ ဦးခန့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်းသို့ လှည့်လည်ကာ ဆန္ဒပြခဲ့သည်။ 

နိုင်ငံတော်အစိုးရအနေနှင့် မီဒီယာဖိနှိပ်မှု ရပ်တန့်ရေး၊ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာကဏ္ဍကို အကာအကွယ်ပေးရေး၊ သတင်းလွတ်လပ်ခွင့်ရရှိစေရေးနှင့် ဖမ်းဆီးခံထားရသည့် သတင်းထောက်များဖြစ်သော ကိုဝလုံး (ခ) ကိုကျော်စိုးဦးနှင့် ကိုမိုးအောင် (ခ) ကိုသက်ဦးမောင်တို့ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေးတို့အတွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

“သတင်းမီဒီယာသမားဆိုတာ ဥပဒေမဲ့ဆောင်ရွက်ချက်တွေကို ဖော်ထုတ်ရေးသားမှာပါ၊ အဲလို ဖော်ထုတ်ရေးသားမှာစိုးလို့ သတင်းသမားတွေ ကြောက်ရွံ့သွားအောင်၊ ပြည်သူလူထု သတင်းမှန် သိခွင့်မရအောင် အခုလိုမျိုးလုပ်နေတာပါ၊ ဒါဟာ ဒီမိုကရေစီ အပြောင်းအလဲအတွက် အဟန့်အတားဖြစ်စေပါတယ်”ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) ကော်မတီဝင် ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။

သတင်းသမားများကို ကြီးလေးသော ပြစ်ဒဏ်ရရှိနိုင်သော ပုဒ်မတပ်ကာ ဖမ်းဆီးနေမှုမှာ မကောင်းကြောင်း၊ ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ရာ ရောက်နေကြောင်း ပုသိမ်မြို့မှ နိုင်ငံရေးပါတီဝင် ရှေ့နေတစ်ဦးက မှတ်ချက်ပေးသည်။

ဆန္ဒပြပွဲတွင် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း၊ ယင်းနောက် ဧရာဝတီတိုင်း မြန်မာဂျာနယ်လစ်ကွန်ရက်၊ ပုသိမ်မြို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ (HRDP)၊ ဧရာဝတီတိုင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ (HRAA) နှင့် မြစ်ဝကျွန်းပေါ်ဒေသ ကာကွယ်မြှင့်တင်သူများအဖွဲ့ (DPD) တို့မှ သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ 

ဖမ်းဆီးခံသတင်းသမားများ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့အပြင် ပြည်မြို့နှင့်ပုသိမ်မြို့တွင် ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ကျန်မြို့များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီထံမှ သိရသည်။ 

R-11



FOLLOW US