News

POST TAGGED AS

သတင်းထောက်

ရဲမှတ်တမ်းများကို မိမိဆန္ဒအရ မီးရှို့ခဲ့ဟု ရိုက်တာသတင်းထောက်နှစ်ဦးအမှုမှ တရားလိုပြသက်သေ ဒုရဲအုပ် ထွက်ဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ဦးကို ဖမ်းဆီးခဲ့သည့်နေ့က ရဲမှတ်တမ်းများကို မိမိသဘောဆန္ဒအရ မီးရှိုးဖျက်ဆီးခဲ့ကြောင်း တရားလိုပြသက်သေ ဒုရဲအုပ်တင်ထွေးဦးက တရားခွင်တွင် ထွက်ဆိုခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

သတင်းထောက်နှစ်ဦး၏ စတုတ္ထမြောက်ရုံးချိန်းကို အင်းစိန်မြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီလ ၆ ရက်က ပြုလုပ်ခဲ့ပြီး တရားလိုဘက်က သက်သေသုံးဦးကို စစ်ဆေးခဲ့ရာတွင် သတင်းထောက်နှစ်ဦး ဖမ်းဆီးခဲ့စဉ်က ဖြစ်စဉ်နှင့် ကွဲလွဲနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဖမ်းဆီးခဲ့တုန်းက သူပါဝင်ခဲ့တဲ့အကြောင်း၊ ဖမ်းဆီးခဲ့တဲ့ထဲပါလို့ ပြောတယ်။ ရုံးမှာ သက်သေမထွက်ဆိုခင် အကြောင်းအရာတွေကို ထွက်ဆိုသွားတဲ့ အကြောင်းအရာတွေကို တစ်စုံတစ်ယောက်က ဒီလိုပြောပါလို့ ပြောဆိုလို့ တရားရုံးမှာ ထွက်ဆိုသလို ဖြစ်နေတယ်။ အဲဒီတုန်းက ဖမ်းဆီးတုန်းက အချက်အလက်တွေကို မီးရှို့လိုက်တယ်။ ဘာကြောင့် ရှို့သလဲလို့ မေးတယ် မပြောဘူး။ သူ့သဘောနဲ့ မီးရှို့တာလို့ ပြောတယ်။ ရဲမှတ်တမ်းတစ်ခုကို ဖျောက်ဖျက်တယ်လို့ ပြောလို့ရတယ်။ အမှုအတွက်က ထူးခြားချက်ပေါ့။ ရဲမှတ်တမ်းကို မီးရှို့ရတာလည်းက စိတ်ဝင်စားဖို့ကောင်းတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် သတင်းထောက်များကို ဖမ်းဆီးခဲ့စဉ်က ရှာဖွေပုံစံ ဖြည့်သွင်းရာတွင် လက်မှတ်မထိုးပါက အမှုထပ်တိုးမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သလားဟု မေးမြန်းခဲ့ရာတွင် မလုပ်ခဲ့ဟု ဒုရဲအုပ်တင်ထွေးဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ၎င်းက ပြောကြားသည်။

တရားခွင်တွင် ပြန်လှန်မေးခွန်းမေးမြန်းရာတွင် ကွဲလွဲချက်များရှိနေကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

“ပြန်လှန်စစ်မေး ကွဲလွဲချက်ကတော့ သတင်းထောက်တွေမှာ ရှာဖွေပုံစံဖြည့်သွင်းတာ ထောက်ကြန့်ရဲစခန်းမှာ လုပ်တယ်လို့ သတင်းထောက်က ပြောတယ်။ ဒါပေမဲ့ သက်သေရဲက ထွက်ဆိုတာက ဖမ်းဆီးတဲ့နေရာမှာပဲ ရဲလုပ်ငန်းရှာဖွေပုံစံ ရှာဖွေတွေ့ရှိတာ အခု ၂၀ လောက်ရှိတယ်။ လမ်းပေါ်မှာ ရှာဖွေပုံစံ လုပ်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ သတင်းထောက်နှစ်ဦး၏ နောက်ထပ်ရုံးချိန်းကို ဖေဖော်ဝါရီ ၁၄ ရက်ကို ထပ်မံချိန်းဆိုခဲ့သည်။

ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်သော သက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအောင်အပါအဝင် ရဲဝန်ထမ်းနှစ်ဦးတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟူ၍ ထောက်ကြန့်နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနှင့် အရေးယူထားခြင်းဖြစ်သည်။

J-18



FOLLOW US