News

POST TAGGED AS

သတင်းထောက်

23-Jan-2018

သတင်းထောက်
ရိုက်တာသတင်းထောက်နှစ်ဦး အာမခံလျှောက်ထားမှု ဖေဖော်ဝါရီလ ၁ ရက်တွင် ဆုံးဖြတ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွပ်စွဲခံရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး၏ အာမခံ လျှောက်ထားချက်ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ပြုလုပ်မည့် တတိယမြောက်ရုံးချိန်းတွင် တရားသူကြီးက ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ဒီနေ့ ရုံးချိန်မှာ တရားလိုဘက်က ဒုတိယရဲမှူးကြီး ယုနိုင်ကို စစ်ဆေးခဲ့တယ်။ နောက်တစ်ခုက အရင်တစ်ချိန်က အာမခံပေးရေး လျှောက်လဲချက်ပေးခဲ့တာကို တရားသူကြီးက တတိယမြောက် ရုံးချိန်းမှ ဆုံးဖြတ်မယ် ပြောတယ်”ဟု ၎င်းကဆိုသည်။

စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ တွေ့ရှိခြင်းကြောင့် တရားစွဲဆိုခြင်း ဖြစ်သည်ဟု တရားလိုဘက်က တရားခွင်တွင် ထွက်ဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရုံးချိန်းတွင် ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးနှင့်အတူ ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို လက်ရှိအချိန်ထိ အရေးယူ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မသိရှိသေးဟုလည်း အဆိုပါအမှုကို တရားလိုလုပ် တိုင်ကြားထားသူ မြောက်ပိုင်းခရိုင် ဒုတိယရဲမှူးကြီး ယုနိုင်က ဇန်နဝါရီလ ၂၃ ရက်တွင် မြောက်ပိုင်းခရိုင် တရားခွင်၌ ထွက်ဆိုခဲ့ကြောင်း ၎င်းက ပြောကြားသည်။ 

“သတင်းသမားတွေ သတင်းမီဒီယာ ဥပဒေနဲ့အညီ လုပ်သွားတယ်။ နောက်ပြီး ရှာဖွေပုံစံမှာ ကျော်စိုးဦးကိုမိတာက ဘီယာဆိုင်အပေါက်ဝမှာ ဖြစ်ပြီးတော့။ ကိုသက်ဦးမောင်ကို ဖမ်းတဲ့နေရာက အမှတ် (၃) လမ်းနဲ့ နီလာလမ်းထောင့်မှာ ဖမ်းတယ်ဆိုတာက နေရာကွဲလွဲချက်ကို ဝန်ခံသွားကြတယ်။ ထူးခြားတာက သမ္မတရုံးရဲ့ တရားစွဲဖို့ ခွင့်ပြုမိန့်နဲ့ပတ်သက်ပြီး စွပ်စွဲခံရသူတွေ ဖမ်းခံတာက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်၊ ည ၉ နာရီလောက်မှာ ဖမ်းခဲ့တယ်။ ၁၀ နာရီဝန်းကျင်မှာဖမ်းဖို့ သမ္မတဆီ ခွင့်ပြုမိန့်တောင်းဖို့ စာတွေက အဆင့်သင့် ဖြစ်နေတယ်ဆိုတာ ထွက်ဆိုသွားတယ်။ တစ်နာရီအတွင်း စာတွေက အဆင့်သင့် ဖြစ်နေတယ်။ ဒါက သဘာဝ မဆန်ဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။

တရားရုံးအထွက်တွင် သတင်းထောက် ကိုကျော်စိုးဦးက “မီဒီယာ လွတ်လပ်ခွင့်ရအောင် လုပ်ပေးကြပါ။ ဒီအမှုနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း ရင်ဆိုင်သွားပါမယ်”ဟု ၎င်းကဆိုသည်။

ယနေ့ရုံးချိန်က တရားလိုဘက်ကို စစ်ဆေးနေသည့်အချိန်ဖြစ်သည့်အတွက် ဘာထင်မြင်ချက်မှမပေးလိုကြောင်း ကိုသက်ဦးမောင် (ခ) ကိုဝလုံး၏အမျိုးသမီး မပန်းအိက ပြောကြားသည်။

“ဒီနေ့ သူက ထောင်က လွတ်လာတယ် အိပ်မက်မက်တယ်။ အကောင်းဆုံး မျှော်လင့်တယ်။ နှစ်ယောက်စလုံး တရားဥပဒေနဲ့ မလွတ်ကင်းတာကို မလုပ်ဘူးလို့ ယုံတယ်။ လွတ်မယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ဆိုသည်။ 

ရခိုင်ပြည်နယ်အရေး သတင်းယူ ရန်ကြိုးစားခဲ့သည့် ရိုက်တာသတင်းဌာနမှ မြန်မာပိုင်းသတင်းထောက် ကိုသက်ဦး မောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁) (ဂ) ဖြင့် အရေးယူထားခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသည့် ဒုတိယမြောက်ရုံးချိန်တွင် သတင်းသမားကာကွယ်ရေး ကော်မတီက ဦးဆောင်၍ သတင်းသမား ၅၀ ခန့်နှင့်ပူးပေါင်းကာ ဇန်နဝါရီလ ၂၃ ရက် ညနေပိုင်းက လှည်းတန်းခုံးကျော်တံတားအောက်တွင် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ကြောင်း အဆိုပါကော်မတီဝင် ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။

“ဒါက ပြည်သူလူထုကြားမှာ သတင်း လွှတ်လပ်ခွင့် ဆုံးရှုံးနေတာကို အသိပေး ကမ်းပိန်လုပ်တာပါ။ နောက်ပိုင်းလည်း ထပ်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ဆုံးရှုံးမှုနှင့် သတင်းမီဒီယာများ ဖိနှိပ်ခံရမှုကို အသိပေးသည့်အနေနှင့် ဖမ်းဆီးခံထားရသည် သတင်းထောက်နှစ်ဦးပုံပါ ဗီနိုင်းများကို လှည်းတန်းခုံးကျော် တံတားအောက်တွင် ချိတ်ဆွဲခြင်း၊ သွားလာနေသည့် ပြည်သူများကို လက်ကမ်းစာရွက်များ ဝေငှခြင်း၊ ကားများအပေါ်တွင် Journalism is not a crime ဟု ရေးသားထားသော လက်နှစ်ဖက်ကို လက်ထိတ် ခတ်ထားသည့် စတစ်ကာများကို ကားများတွင် ကပ်ပေးသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

J-18



FOLLOW US