News

POST TAGGED AS

သတင်းထောက်

19-Dec-2017

သတင်းထောက်
သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ရှင်းလင်းပွဲ လုပ်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက “သဘောထား ရပ်တည်ချက် ထုတ်ပြန်ရှင်းလင်းပွဲ”ကို ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် Orchid Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

သတင်းမီဒီယာကောင်စီအနေနှင့် လုပ်ကိုင်မည့် အကြောင်းအရာများ၊ လုပ်ကိုင်နိုင်မည့် အချက်အလက်များကို ရှင်းလင်းပြောကြားနိုင်ရန် ပြုလုပ်ရခြင်းဖြစ်ပြီး ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးနှင့် ပတ်သက်၍ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်၊ မည်သည့်အတွက်ကြောင့် မိသားစုနှင့်တွေ့ဆုံခွင့် မရသေးသည် စသည်တို့ကို စုံလင်စွာမသိရသေးကြောင်း သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောကြားသည်။ 

“ဖမ်းဆီးခံရတဲ့ မိသားစုကနေ အကူအညီပေးဖို့ စာတင်ထားတယ်၊ သတင်းမီဒီယာ ကောင်စီအနေနဲ့ လုပ်နိုင်သလောက် လုပ်သွားဖို့ရှိတယ်ဆိုတာ သိရှိစေဖို့  ပွဲလုပ်ထုတ်ပြန်တာပါ။ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ ဘာမှ မသိရသေးဘူး၊ ဘယ်မှာ ထိန်းသိမ်းထားတယ်၊ ဘယ်နေ့ဘယ်လို ရုံးထုတ်စစ်ဆေးမယ်ကအစ မသိရသေးတာ”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ 

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့သည် ဒီဇင်ဘာလ ၁၂ ရက် ည ၉ နာရီခန့်က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေများကို သိရှိနိုင်ရန် လုံခြုံရေးတာဝန် ထမ်းဆောင်ပြီး ပြန်လာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ချဉ်းကပ်တွေ့ဆုံ၍ အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို တရားမဝင် ရယူဆောင်ရွက်ခဲ့သည်ဟုဆိုကာ ထောက်ကြန့် နယ်မြေရဲစခန်းတွင် နိုင်ငံတော်လျှို့ဝှက် အက် ဥပဒေ ပုဒ်မ ၃ ဖြင့် ဖမ်းဆီးခံခဲ့ရသည်။

“ကျွန်တော် ထင်တာတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ။ သူတို့က စာရွက်စာတမ်းတွေနဲ့ မိတယ်လေ။ အဲဒီစာရွက်စာတမ်းတွေက သူတို့နဲ့အတူ ထမင်းစားပြီးတဲ့ ရဲတွေဆီက ရတယ်လို့  သိရတယ်။ ထွက်သွားတော့မှ တစ်နေရာ ကျတော့မှ အဖမ်းခံရတာ။ လက်ပူးလက်ကြပ်မိရော။ သတင်းထောက်လုပ်ပြီး အဲ့လောက် “အ”ရသလား။ လျင်ရမယ်လေ၊ သတင်းထောက်လုပ်ရင် မအကြနဲ့ “အ”ရင် ခံသွားရမယ်”ဟု အာဏာရပါတီ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ၏ ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများကို ပြောကြားလိုက်သည်။

သို့ရာတွင် သတင်းထောက်နှစ်ဦးကို ဖမ်းဆီးရာ၌ နိုင်ငံတော်သမ္မတရုံးကို ခွင့်ပြုချက် တောင်းခံခဲ့ပြီး သမ္မတရုံးအနေနှင့် ခွင့်ပြုချက်ပေးခဲ့ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်တွင်း သတင်းဌာနအချို့ကို ပြောကြားထားသည်။

ယင်းသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေး ကော်မတီ၏ လုပ်ဆောင်ချက်များကို ကြိုဆိုထောက်ခံသည့် ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်ကြောင့် မိမိတို့အနေနှင့် စိတ်အားတက်မိပြီး မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ထပ်မံ ထုတ်ဖော်ပြောဆိုကြလိမ့်ဦးမည်ဟု မျှော်လင့်ပါကြောင်း ပါရှိသည်။ 

သတင်းထောက်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးဆဲကာလတွင် အချိန်တစ်လနီးပါး ဥပဒေအရ ဖမ်းချုပ်ခွင့်ရှိသော်လည်း ယင်းကာလတွင် မိသားစုနှင့် တွေ့ဆုံခွင့်ရရှိရမည်ဖြစ်ကြောင်း၊ တွေ့ခွင့်မပေးခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

သတင်းထောက်နှစ်ဦးအပြင် ဒုရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ဦးကိုပါ ဖမ်းဆီး အရေးယူထားပြီး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်အက် ဥပဒေပုဒ်မအရ လည်းကောင်း၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရလည်းကောင်း အရေးယူထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

J-16



FOLLOW US