News

POST TAGGED AS

သတင်းထောက်

ဖမ်းဆီးခံ မြန်မာသတင်းထောက် နှစ်ဦးကိစ္စ ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်သေး
ရန်ကုန်၊ စက်တင်ဘာ ၁၆

သူလျှိုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ စာဖြင့် အကြောင်းကြား မေးမြန်းထားပြီး ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

“ကျွန်တော်တို့ဘက်ကတော့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး သေသေချာချာ သိရအောင် အရင်ဆုံးစာနဲ့ ဆက်သွယ်မေးမြန်းထားတယ်၊ ဒီနိုင်ငံမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးကိုရော၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာသံရုံးကနေပါ သူတို့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော မေးမြန်းထားတာပါ၊ အခုထိတော့ ရေရေရာရာ ပြန်ကြားထားတာ မရှိသေးပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ သံအမတ်ကြီး အပါအဝင် တာဝန်ရှိသူတစ်ဦးကို စက်တင်ဘာလ ၁၅ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသော်လည်း သတင်းသမား နှစ်ဦးကိစ္စ မဟုတ်ကြောင်း၊ အခြားကိစ္စ တစ်ခုခုဖြင့် ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းသမား နှစ်ဦးကိစ္စနှင့်ပတ်သက်၍ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဌာနမှ လိုက်လံ ဆောင်ရွက်နေပြီး သိရှိရသမျှ သတင်းများကို သတင်းနှင့် ပြန်ကြားရေးဌာနမှတစ်ဆင့် အချိန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့က သက်ဆိုင်ရာဝန်ကြီးဌာနတွေ့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်၊ အခုချိန်အထိ အကြောင်းပြန်ကြားတာ မရှိသေးဘူး၊ ဒီကိစ္စ အစွမ်းကုန် လိုက်လံ ဆောင်ရွက်သွားမှာပါ”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် GEO မဂ္ဂဇင်းအတွက် ဓာတ်ပုံသတင်း ရယူရန် သွားရောက်ခဲ့သည့် မြန်မာသတင်းထောက်နှစ်ဦး ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့ နှစ်ဦး အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆုရ ဓာတ်ပုံဂျာနယ်လစ် တစ်ဦးတို့ကို စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး  မြန်မာဂျာနယ်လစ်နှစ်ဦးကို သူလျှိုလုပ်သည်ဟုဆိုကာ ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သတင်းထောက်ကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးမှာ သတင်းထောက် ဗီဇာအစား ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်လာသဖြင့် အချက်အလက် မှားယွင်းမှုများ ရှိနေသည်ဟုဆိုကာ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့ရာ အာမခံ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းထောက် ကိုမင်းဇေယျာဦးမှာ ဆုရ ဓာတ်ပုံဆရာ တစ်ဦးဖြစ်ပြီး ကျော်ကြားသည့် နေ့စဉ် သတင်းစာများအပြင် နယူးယောက်တိုင်းမ်၊ ဂါးဒီးယန်းနှင့် National Geographic မဂ္ဂဇင်းများအတွက်လည်း ဓာတ်ပုံရိုက်ကူးပေးနေသူဖြစ်ပြီး ကိုခွန်လတ်သည် ယခုနှစ် မတ်လတွင် ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပသည့် ရန်ကုန်ဓာတ်ပုံပွဲတော် (Yangon Photo Festival) တွင် The Forgotten War အမည်ဖြင့် သတင်းဓာတ်ပုံဆုရခဲ့သူ တစ်ဦးလည်းဖြစ်သည်။

J-16



FOLLOW US