News

POST TAGGED AS

သတင်းထောက်

16-Sep-2017

သတင်းထောက်
အလွတ်တန်း သတင်းထောက်ကို ပုဒ်မ လေးခုဖြင့် အမှုဖွင့်
မိတ္ထီလာ၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မှ အလွတ်တန်း သတင်းထောက်တစ်ဦးကို စက်တင်ဘာလ ပထမ သီတင်းပတ်အတွင်းက ကူမဲမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သော အမှုကိစ္စတစ်ခုနှင့်ပတ်သက်၍ ကူမဲနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားရာ စက်တင်ဘာလ ၁၄ ရက် ညပိုင်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရှိရသည်။

စက်တင်ဘာလ ၃ ရက် မွန်းလွဲပိုင်းက မြစ်သားမြို့နယ် ကြို့ပင်ခြံကျေးရွာနေ မချိုဦးသည် နေအိမ်၌ရှိနေစဉ် မလှိုင်မြို့ဦးမြို့သစ်ရပ်နေ အလွတ်တန်းသတင်းထောက် ဦးဘိုဘိုသည် ကြို့ပင်ခြံကျေးရွာရှိ ဘီယာဆိုင်တစ်ဆိုင်တွင်ထိုင်နေစဉ် မိတ်ဆွေဖြစ်သူ ကိုဇော်ထွန်း၏ဖုန်းဖြင့် မချိုဦးထံဆက်သွယ်၍ အတူအိပ်ကာ ပျော်ပါးလိုသည်ဟု ပြောဆိုကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရှိရသည်။

မချိုဦးဆိုသူက ဘီယာဆိုင်သို့ လာရောက်က “နင် ငါ့ကို ဘာစကား လာပြောတာလဲ။ နင့်သမီး သွားပြော”ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း၊ ဦးဘိုဘိုက မချိုဦးကို ပြန်လည် ဆဲဆို၍ သတ်ပစ်မည်ဟု ကြိမ်းဝါးကာ အနီးရှိ ဆိုင်ကယ်ဦးထုပ်၊ ထိုင်ခုံတို့ဖြင့် ရိုက်နှက်ကာ မချိုဦး၏ ရင်ဘတ်ကို ဆောင့်တွန်းသဖြင့် မချိုဦးတွင် ဝဲလက်ခလယ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲလက်ကောက်ဝတ် နာကျင်ဒဏ်ရာ ရရှိကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

ထို့ကြောင့် စက်တင်ဘာလ ၄ ရက် ည ၈ နာရီခန့်တွင် အမှုဖွင့် တိုင်ကြားသဖြင့် ကူမဲနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၂၃၊ ၃၅၄၊ ၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ ထို့ကြောင့် ဦးဘိုဘိုကို ရဲစခန်းက စစ်ချက်ယူကာ အာမခံပေး၍ရသည့် ပုဒ်မများဖြစ်၍ အာမခံပေးခဲ့ကြောင်း ကူမဲနယ်မြေရဲစခန်းထံမှ သိရှိရသည်။

ဦးဘိုဘိုသည် ဘိုဘို(မလှိုင်)ဟူသော အမည်ဖြင့် မြန်မာ့အလင်း သတင်းစာတွင် အလွတ်တန်း သတင်းထောက်အဖြစ် မလှိုင်မြို့နယ် သတင်းများကို ရေးသားနေသည့်အပြင် အခြားသော ပြည်တွင်းသတင်းဌာနအချို့တွင်လည်း သတင်းများ ရေးသားနေသူဖြစ်ကြောင်း သတင်းထောက် အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဘိုဘိုကို ဆက်သွယ်မေးမြန်းရာ မချိုဦးနှင့်မိမိသည် သိကျွမ်းဖူးပြီး စီးပွားရေး တွဲလုပ်ဖူးကြောင်း၊ မချိုဦးထံမှ ကျပ်ငွေ သိန်းနှစ်ဆယ်ခန့် အကြွေးရရန်ရှိသဖြင့် ငွေပြန်တောင်းစဉ် အပြန်အလှန် စကားများခြင်းသာဖြစ်ပြီး လုံးဝ ရိုက်နှက်ခြင်း မပြုခဲ့ကြောင်း ရဲစခန်းတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် တောင်းပန်ကြပြီးဖြစ်၍ အမှုကို ကျေအေးကြမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၅ ရက်က ညပိုင်းတွင် ပြန်လည်ဖြေကြားသည်။

R-01



FOLLOW US