News

POST TAGGED AS

သတင်းထောက်

04-Sep-2017

သတင်းထောက်
သတင်းထောက်ကတ်ပြ ငွေတောင်းသူကို ကလေးမြို့တွင် အမှုဖွင့်
ကလေး၊ စက်တင်ဘာ ၃ 

ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာရှိ နေအိမ်တစ်ခုတွင် အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် မှုခင်းသတင်းထောက် ကတ်ပြကာ ခြိမ်းခြောက်ငွေတောင်းသူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ကလေးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောကြားသည်။ 

သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁  နာရီခန့်က နေအိမ်၌တစ်ဦးတည်း ရှိနေစဉ် ကလေးမြို့၊ ရာဇဂြိုဟ်ကျေးရွာနေ မြင့်လွင် ၄၆ နှစ်သည် မှုခင်းသတင်းထောက်ကတ်ကို ကိုင်ကာ ချဲထီရောင်းချနေသည့်အတွက် အဖမ်းမခံလိုပါက ငွေတစ်သိန်းပေးရန် တောင်းခံခဲ့ကြောင်း၊ ယင်းသို့ တောင်းခံသည့်အတွက် ကြောက်ပြီး ငွေတစ်သိန်းကို ထုတ်ပေးခဲ့ရကြောင်း ဒေါ်ထွေးကြည်က ပြောဆိုသည်။

“အဲဒီနေ့တုန်းက သူမူးပြီး အိမ်ထဲဝင်ခဲ့ပြီးတော့ ပိုက်ဆံကို အရင်တောင်းတာ။ ကျွန်မကလည်း မိန်းမသားတစ်ယောက်တည်း ဆိုတော့ ကြောက်အားလန့်အားနဲ့ ပိုက်ဆံကို ပေးလိုက်တာပေါ့။ အဲဒါပြီးသူ ထွက်သွားတော့ ကျွန်မအမျိုးသားကို ဖုန်းဆက်လှမ်းအကြောင်းကြားပြီး လိုက်တော့ဖမ်းမိခဲ့တာရှင့်” ဟု ၎င်းက ဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ပေါ်တက်၍ သတင်းထောက်ကတ်ပြ ခြောက်လှန့်ငွေတောင်းသူကို ကလေးမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၁ အိမ်ကျော်တက် ဝင်ရောက်မှုနှင့် ဥပဒေပုဒ်မ ၃၈၄ ခြောက်လှန့်ငွေတောင်းမှု စသည့် ပုဒ်မများဖြင့် အမှုဖွင့်ကာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း  အဆိုပါ စခန်းထံမှ သိရသည်။

R-20



FOLLOW US