News

POST TAGGED AS

သတင်းထောက်

18-Aug-2017

သတင်းထောက်
သီပေါထောင်မှ သတင်းထောက် ၃ ဦးအမှု အာမခံထပ်ပယ်
သီပေါ၊ သြဂုတ် ၁၈ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါထောင်တွင် မတရားသင်း ဥပဒေပုဒ်မနှင့် အဖမ်းခံထားရသော သတင်းထောက် ၃ ဦး အပါအဝင် ၆ ဦးအမှုတွင် အာမခံ လျှောက်ထားချက်ကို သီပေါမြို့နယ် တရားရုံးက ထပ်မံပယ်ချလိုက်သည်။

“မတရားသင်း ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခြင်း ခံနေရတဲ့ DVB သတင်းဌာန သတင်းထောက် ၂ ဦး၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ၁ ဦး အပါအဝင် လူ ၆ ဦးက အမှုရင်ဆိုင်နေစဉ် အတွင်းအာခံဖြင့် ထုချေခွင့်ပြုဖို့လျှောက်ထားခဲ့တာပါ။ ပထမအကြိမ်ကလည်း အကြောင်းပြချက် ၃ ချက်နဲ့ အာမခံ လျှောက်ထားခြင်းကို ပယ်ချခဲ့တယ်။ အခုဒုတိယအကြိမ် ထပ်မံလျှောက်ထားတော့လည်း ယခင်ကပြခဲ့တဲ့ အကြောင်းပြချက် ၃ ချက်နဲ့ပဲ အာမခံကို ပယ်ချခဲ့တာ ဖြစ်တယ်။ စွပ်စွဲခံရသူထွေဖက်ကတော့ အကြိမ်ကြိမ် အချုပ်လွှတ်ထုချေနိုင်ခွင့် ရရှိရေးအတွက် အာမခံ ဆက်လျှောက်နေမှာ” ဟု DVB သတင်းထောက် ၂ ဦး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေကြီး ဦးမောင်မောင်ဝင်းက ပြောဆိုသည်။

သတင်းထောက် ဦးအေးနိုင် အပါအဝင် လူ ၆ ဦးမှာ ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် နမ့်ခမ်း၊ မူဆယ်မြို့များတွင် နေထိုင်သူများဖြစ်သည့်အတွက် အမှုစစ်ဆေးရာတွင် ကြာနိုင်ဖွယ်ရာရှိကြောင်း တရားလိုပြသက်သေ နောက်ထပ်စစ်ဆေးရန် ၇ ဦး ကျန်ရှိနေသေးခြင်းအပြင် အများစိတ်ဝင်စားသော မှုခင်းဖြစ်နေခြင်း၊ လုံခြုံရေးအတွက် အများအပြား လုပ်ဆောင်နေရခြင်းကြောင့် တရားရုံးတော်က အချုပ်လွတ်ထုချေ အမှုရင်ဆိုင်ခွင့် မပြုနိုင်သည့်အတွက် အာမခံ လျှောက်ထားမှုကို ပယ်ချရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သတင်းထောက် ဦးအေးနိုင် အပါအဝင် လူ ၆ ဦးအပေါ် မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် စွဲဆိုထားသောအမှုမှာ သြဂုတ်လ ၁၈ ရက်နေ့တွင် စတုထ္ထအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခြင်း ဖြစ်သည်။

တရားလိုပြသက်သေများကို စစ်ဆေးခြင်းမပြုမီ အာမခံ လျှောက်ထားမှုအတွက် ရုံးထုတ်အမိန့်ချမှတ်ပေးခြင်း ဖြစ်ကြောင်း ယခင်ရုံးချိန်းက စစ်ဆေးရန် ဖြစ်သော တပ်မတော်သား ၂ ဦးထဲက ၁ ဦးမှာ တရားရုံးတော်သို့ ရောက်ရှိမလာနိုင်သည့်အတွက် စစ်ဆေးခဲ့ရခြင်း မရှိဘဲ အရပ်သား သက်သေကိုသာ စစ်ဆေးနိုင်ခဲ့ကြောင်း တရားရုံးထံမှ သိရသည်။

ပြီခဲ့သည့်ရုံးချိန်းတွင် တရားလိုပြသက်သေ ဗိုလ်ကြီးမြတ်မွန်အောင်မှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသဖြင့် လာရောက်နိုင်ခြင်း မရှိသေးကြောင်း ယခုတစ်ပတ်ရုံးချိန်းတွင် စစ်ဆေးရန် ထပ်မံချိန်းဆိုထားသည်ဟု သီပေါတရားရုံးမှ သိရသည်။

ဇွန်လ ၂၆ ရက်နေ့က DVB သတင်းထောက် ကိုအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင် ဧရာဝတီ သတင်းထောက် ကိုသိန်းဇော် (ခ) ကိုလဝီဝမ်တို့ ၃ ဦးမှာ တအာင်းပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၏ တတိယအကြိမ်မြောက် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား ကျင်းပရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့သို့ သွားရောက်သတင်ယူပြီးအပြန် နမ့်ဆန်နှင့် သီပေါမြို့ အကြားတွင် တပ်မတော်က ဖမ်းဆီးကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။



FOLLOW US