News

POST TAGGED AS

သတင်းထောက်

သီပေါထောင်၌ ထိန်းသိမ်း ခံထားရသည့် သတင်းထောက်သုံးဦးကို သတ်မှတ်ရက်ထက် စော၍ ရုံးထုတ်
ရန်ကုန်၊ ဇူလိုင် ၁၈

မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် DVB သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် သုံးဦးနှင့် ယာဉ်မောင်း သုံးဦးတို့ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ် တရားရုံး၌  မူလ သတ်မှတ်ရက်ထက် စော၍ ရုံးထုတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက ပြောသည်။

“တရားသူကြီးက သင်တန်းရှိလို့ သတ်မှတ်ရက်ထက် စော၍ ရုံးထုတ်တာ ဖြစ်တယ်။ သင်တန်းကင်းလွတ်ခွင့် တောင်းတယ်။ မရလို့ ရက်ရွှေ့လိုက်တာ ဖြစ်တယ်”ဟု ရဲမှူးမြင့်ဝင်းက ပြောကြားသည်။

မြို့နယ်တရားသူကြီးသည် ပထမအချိန် ရုံးချိန်းကို ဇူလိုင်လ ၇ ရက်၌ ရုံးထုတ်ခဲ့ပြီးနောက် ဒုတိယအကြိမ် ရုံးချိန်ကို ဇူလိုင်လ ၂၁ ရက်နေ့၌ ထပ်မံ ရုံးထုတ်ရန် ချိန်းဆိုခဲ့သည်။ သို့သော် ဒုတိယအကြိမ် ရုံးချိန်းကို မူလ သတ်မှတ်ရက်ထက်စော၍ ဇူလိုင်  ၁၈ ရက်၌ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ် ရုံးချိန်းကို ဇူလိုင်လ ၂၈ ရက် သတ်မှတ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးကဆိုသည်။

သတင်းထောက် သုံးဦးကို နမ့်ဆန် မြို့နယ်တရားရုံးတွင် စတင် အမှုဖွင့်ခဲ့သော်လည်း လုံခြုံရေး အခြေအနေအရ သီပေါ မြို့နယ်တရားရုံးသို့ ရုံးပြောင်း စစ်ဆေးပေးရန် တရားစွဲ အဖွဲ့အစည်းက လျှောက်ထားချက်အရ ကျောက်မဲ ခရိုင်အတွင်းရ နမ့်ဆန်မြို့နယ်မှ တရားရုံးမှ သီပေါမြို့နယ် တရားရုံးသို့ ရုံးပြောင်းလာခြင်းဖြစ်သည်ဟု ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ညွန့်က ပြောဆိုသည်။

သီပေါမြို့နယ်တရားရုံးမှာ ပြစ်မှု ကြီးအမှု ပြန်လည် ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ရာ သတင်းထောက်သုံးဦး အပါအဝင် ခြောက်ဦး၏ အမှုကို သီပေါမြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၁၂၁/ ၂၀၁၇ မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁)ဖြင့်လည်းကောင်း၊ ပြစ်မှုကြီး အမှတ် ၁၂၂/၂၀၁၇ တွင် ယာဉ်မောင်းနှစ်ဦး အပါအဝင် လူတစ်ဦးကို လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိမှု သွင်း/ပို့ ပုဒ်မ ၈ အရ နှစ်မှုဖွင့်လှစ်ခဲ့ပြီး ဇူလိုင်၂၈ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်သည်ဟု သီပေါမြို့နယ် တရားရုံးမှသိရသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) မှ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲသို့ သတင်းယူပြီးနောက် ပြန်လာသည့် ဒီဗီဘီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ဦးပြည့်ဘုန်းနိုင်နှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်တို့ကို ဇွန်လ ၂၆ ရက်တွင် တပ်မတော်က ဖမ်းဆီးထားခြင်းဖြစ်သည်။

“ကျနော်တို့လက်ထဲမှာ ဖောင်တိန်တောင် မပါဘူး။ အချွန်အထက်ဆိုလို့။ ဒါပေမဲ့ အချိန်မရွေး မိုင်းနင်းမိနိုင်တယ်။ သေနတ်နဲ့ ချော်ပစ်နိုင်တယ်ဆိုတဲ့ နေရာတွေကို ကျွန်တော်တို့ စွန့်စားသွားတယ်ဆိုတာ ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ဘဝတွေ၊ အသက်တွေ ပေးပြီးတော့ မီဒီယာလုပ်ငန်းကို လုပ်တာ။ ဒါပေမဲ့ စိတ်မကောင်းစရာ ဖြစ်တာက မြန်မာပြည်မှာ တခါဖူးမျှ မီဒီယာသမားတွေအပေါ်မှာ အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့ ၁၇ (၁) နဲ့ ကျနော်တို့ကို တရားစွဲဆိုတယ်။ ဒါဟာ ကျွန်တော်တို့ ထောင်ကျခြင်း၊ မကျခြင်းနဲ့စာရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို သွားနေတယ်ဆိုတဲ့ လမ်းကြောင်းကို ကမ္ဘာကို ကြွေးကြော်နေပေမယ့်လည်း ရှက်စရာ  ကောင်းတယ်။ ဒီဥပဒေတွေကို လွှတ်တော်ကနေ လူထုကနေ တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေက ဦးစားပေး ပြင်သင့်တယ်”ဟု DVB သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးအေးနိုင်က ပြောကြားသည်။

ထို့အတူ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် The Voice သတင်း စာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ဖမ်းဆီးခံထားရခြင်းသည် မဖြစ်သင့်သည့်  ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ဦးအေးနိုင်က ဆိုသည်။

အလားတူ ဖမ်းဆီးခံ DVB သတင်းဌာနမှ သတင်းထောက် ကိုပြည့်ဘုန်းအောင်က “သတင်းစာတွေဆိုတာ သမိုင်းကို ဖော်ပြနေတာ။ အဲဒီအတွက် ကျွန်တော်တို့က ဘယ်အစိုးရတက်တက် ကျွန်တော်တို့ သတင်းထောက်က သတင်းထောက်အလုပ်ကို လုပ်သွားမှာပါ”ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံ သတင်းသမားများကို တရားရုံးမှ မှုလ သတ်မှတ်ထားသော ဇူလိုင်လ ၁၁ ရက်နေ့ ပထမအကြိမ် ရုံးချိန်းနှင့် ဇူလိုင်လ ၂၁ ရက် ဒုတိယအကြိမ် ရုံးချိန်းကို ရန်ကုန်မြို့ရှိ သတင်းဌာန အသီးသီးမှ သွားရောက် သတင်းရယူရန် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ စီစဉ်ခဲ့သည်။

“သူတို့ အာဏာရှိတဲ့ သူတို့ ကြိုက်သလို့ လုပ်လို့ရတဲ့ပုံစံဖြစ်နေတယ်၊ အခုလို့ သတ်မှတ်ထားတဲ့ ရက်ကို စောထုတ်တာက လုပ်ခွင့်မရှိဘူး၊ ကျွန်တော်တို့က ရုံးချိန်းမှာ သူတို့ကို အားပေးချင်တယ်၊ သူတို့နဲ့ တစ်သားထဲရှိတာကို ပြချင်တာ ကျွန်တော်တို့ လာမှာကို ကြောက်လို့ လုပ်နေတယ်လို့ ကျွန်တော်ယူဆတယ်”ဟု မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီမှ ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။

J-18, R-07



FOLLOW US