News

POST TAGGED AS

သတင်းဌာန

ကမ္ဘာ့ဖလားသတင်း တိုက်ရိုက်တင်ဆက်နေသည့် ဂျာမန်သတင်းဌာနမှ အမျိုးသမီးရုပ်သံသတင်းထောက် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခံရ


ဘာလင်၊ ဇွန် ၂၁

ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၁၈ ကမ္ဘာ့ဖလားနှင့်ပတ်သက်သော သတင်းကို တိုက်ရိုက်တင်ဆက်နေသည့် DW သတင်းဌာန၏ ရုပ်သံအမျိုးသမီး သတင်းထောက်မှာ အဆိုပါတိုက်ရိုက် ရုပ်သံလွှင့်အစီအစဉ်တွင် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးပြုခြင်း ခံလိုက်ရသည်ကို တွေ့ရကြောင်း အဆိုပါ ဂျာမန် DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါဖြစ်ရပ်ဖြစ်ပွားပုံမှာ မြန်ဆန်လွန်းပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ရိုက်ကူးနေစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးသတင်းထောက် ကိုလံဘီယာလူမျိုး မစ္စဂျူလက်ဂွန်ဇာလက်သီရန်သည် ရုရှားနိုင်ငံ ဆာရန်ဆတ်မြို့မှနေ၍ DW ၏ စပိန်ဘာသာစကားဖြင့်ထုတ်လွှင့်သော ရုပ်သံအစီအစဉ်အတွက် ကမ္ဘာ့ဖလားသတင်းကို တင်ဆက်နေစဉ် အမျိုးသားတစ်ဦးက သူမ၏ ပါး (မေးအနီး) ကို နမ်းခဲ့ရုံသာမက ရင်သားကိုလည်း ကိုင်တွယ်သွားခြင်းခံခဲ့ရသည်။ 

မစ္စဂျူလက်ဂွန်ဇာလက်သီရန်သည် ယင်းသို့ပြုကျင့်ခြင်းခံလိုက်ရပြီးနောက် ရုတ်တရက် တုန်လှုပ်သွားခဲ့သော်လည်း ကင်မရာကိုကြည့်ကာ သတင်းဆက်ပြောနိုင်ခဲ့သည်။ သူမကို ထိကပါးရိကပါး ပြုသွားသည့် အမျိုးသားမှာမူ လူအုပ်ကြီးထဲသို့ ဝင်သွားခဲ့သည်။ 

“အဲဒီရုပ်သံလွှင့်အစီအစဉ်အတွက် ကျွန်မအနေနဲ့ နှစ်နာရီလောက်ပြင်ဆင်ခဲ့ရတာ၊ ဒီဖြစ်ရပ်ကြောင့် အစီအစဉ်က မောက်ကမဖြစ်တာမျိုး မရှိခဲ့ပါဘူး။ ကျွန်မတို့ Live လွှင့်နေတဲ့အချိန်မှာ အဲဒီဘောလုံးပရိသတ်တစ်ယောက်က အခွင့်ကောင်းယူသွားတာပါ။ ရိုက်ကူးပြီးသွားတော့ ကျွန်မ သူ့ကိုရှာကြည့်ပါသေးတယ်၊ သူမရှိတော့ပါဘူး”ဟု မစ္စဂျူလက် ဂွန်ဇာလက်သီရန်က ပြောကြားသည်။ 

ဂျာမန်ဘွန်ဒတ်စ်လီဂါ ဘောလုံးပွဲများ၏ ပထမဆုံးအမျိုးသမီးဒိုင်သူကြီးဖြစ်သူ ဘီယာနာဇိုင်းဟောက်စ်က ထိုသို့သောဖြစ်ရပ်မျိုးမှာ လက်သင့်ခံဖွယ်မရှိကြောင်း ပြောကြားသည်။ 

ထို့နောက် မစ္စ ဂျူလက်ဂွန်ဇာလက်သီရန်နှင့်ပတ်သက်၍ “ကျွန်မသူ့ကို စာနာမိတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီလိုမျိုး ထိကပါးရိကပါးစော်ကား တိုက်ခိုက်တာမျိုးတွေ အရင်တုန်းက ကြုံတွေ့ခဲ့ရဖူးလို့ပါပဲ”ဟု ပြောကြားသည်။ 

“ဒီလူရဲ့ အပြုအမူဟာ ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး”ဟု ဘီယာနာဇိုင်းဟောက်စ်က မှတ်ချက်ပေးသည်။ 

ရုပ်သံသတင်းထောက်များသည် ၎င်းတို့၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သည့် အစီအစဉ်များမှာ အခြားသူများကြောင့် ကမောက်ကမဖြစ်တတ်သည် ဟူသောအချက်ကို ကောင်းစွာ သိရှိနားလည်ထားကြသည်။ အထူးသဖြင့် ကမ္ဘာ့ဖလားကဲ့သို့သော ပွဲမျိုးသို့ရောက်လာသော ပရိသတ်များကြောင့် ရုပ်သံအစီအစဉ်များ အလွဲလွဲအချော်ချော်ဖြစ်တတ်သည်။ 

F-01




FOLLOW US