News

POST TAGGED AS

သစ်အချောထည်

စစ်ကိုင်း အလုပ်သမား သပိတ်မှ အလုပ်သမားများကို အမိန့်ချမှတ်
မိတ္တီလာ၊ အောက်တိုဘာ ၂၄

နေပြည်တော် တပ်ကုန်းမြို့နယ် အဝင်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး အရေးယူခံခဲ့ရသော စစ်ကိုင်းမြို့ ပတ္တမြား စက်မှုဇုန်ရှိ Myanmar Veneer and Plywood Private Ltd သစ်အချောထည် စက်ရုံ အလုပ်သမား သပိတ်စစ်ကြောင်းမှ အလုပ်သမားများကို တပ်ကုန်း မြို့နယ်တရားရုံးက အောက်တိုဘာလ ၂၄ ရက်နေ့က အပြီးသတ် အမိန့် ချမှတ်လိုက်သည်။

“ယောက်ျားလေးတွေကို ပုဒ်မ (၁၄၃) က တစ်လ ချတယ်၊ (၁၄၅) က လည်း တစ်လပဲ၊ ၅ဝ၅ (ခ) က သုံးလ ချတယ်။ စုစုပေါင်း ငါးလ ချတယ်။ မိန်းကလေး သုံးယောက်က ၅ဝ၅ (ခ) မပါတဲ့အတွက် စုစုပေါင်း နှစ်လ ကျတယ်။ ဒါပေမဲ့ ချုပ်ရက်နဲ့ အကျိုးခံစားခွင့် ရှိတဲ့အတွက် သူတို့က လွတ်သွားပါပြီ”ဟု သပိတ်မှောက် အလုပ်သမားများနှင့်အတူ ဖမ်းဆီးခံခဲ့ရသော ရွှေဘိုခရိုင် ဗ.က.သ အဖွဲ့မှ ကိုနှင်းအောင်က ပြောကြားသည်။

နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးက ယနေ့ အပြီးသတ် အမိန့် ချမှတ်ခြင်း ခံရသည့် အလုပ်သမားများနှင့် သပိတ် ဝန်းရံသူ အမျိုးသား ၁၂ ဦးမှာ ဦးခိုင်မင်း၊ ကိုဝင်းမင်းဦး၊ ကိုသိန်းဦး၊ ကိုစောအမ်းထွန်း၊ ကိုရန်နိုင်ထွေး၊ ကိုကျော်မျိုး၊ ကိုနိုင်နိုင်အောင်၊ ကိုသန်းထိုက်၊ ကိုဗစ်တာ၊ ကိုကောင်းဇော်ဟိန်း၊ ကိုရဲရင့်ပိုင်မှူးနှင့် ကိုနှင်းအောင်တို့ ဖြစ်ကြပြီး အမျိုးသား ၁၂ ဦးမှာ ရမည်းသင်း အကျဉ်းထောင် အတွင်း၌ ဖမ်းဆီး ခံထားရသည်မှာ လေးလနှင့် ခြောက်ရက်ရှိပြီဖြစ်၍ စုစုပေါင်း ပြစ်ဒဏ် ကျခံရမည့် အချိန် ငါးလ ပြည့်ရန် ရက်ပေါင်း ၂ဝ ဝန်းကျင်ခန့်သာ လိုတော့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“ကျွန်တော်တို့ကို ဖမ်းဆီးတဲ့ဟာက ဥပဒေအကြောင်းအရ တရားဝင် မရှိဘဲနဲ့ နေပြည်တော်ကို အဝင် မခံစေချင်လို့ ဖမ်းခြင်းဖြစ်တဲ့အတွက် ကျွန်တော်တို့က သူတို့ အမိန့်ချမှတ်တဲ့အပေါ်မှာ ဆန့်ကျင်မယ်၊ ကန့်ကွက်မယ်၊ ကျွန်တော်တို့က ဆက်ပြီးတော့ တိုက်ပွဲ ဝင်သွားပါမယ်”ဟု ကိုနှင်းအောင်က ဆိုသည်။

စစ်ကိုင်းမြို့ ပတ္တမြား စက်မှုဇုန်ရှိ Myanmar Veneer and Plywood Private Ltd သစ်အချောထည် စက်ရုံ သပိတ်စစ်ကြောင်းမှ အလုပ်သမား အင်အား စုစုပေါင်း ၁၂၈ ဦးသည် ယင်းတို့၏ လိုလားချက်များကို တောင်းဆိုရန် စစ်ကိုင်းမြို့မှ နေပြည်တော်သို့ ဧပြီလ ၂၉ ရက်နေ့က စတင် ချီတက်ခဲ့ကြရာ မေလ ၁၈ ရက်နေ့တွင် တပ်ကုန်းမြို့နယ်အစ မိုင်တိုင်အမှတ် ( ၄၂၅ ) အနီးသို့ အရောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။ 



FOLLOW US