POST TAGGED AS

သစ်အချောထည်

ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်ရာတွင် သေဆုံးခဲ့သော ဆရာ၊ဆရာမများအတွက် တက္ကသိုလ် (၈) ခုမှ ကောက်ယူရရှိသည့် ငွေဖြင့် အကူအညီပေးမည်
ဓါတ်ပုံ - မုံရွာတက္ကသိုလ် ဆရာ ဆရာမများအသင်း

စစ်ကိုင်းတိုင်း ကနီမြို့အနီး ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်ရာတွင် သေဆုံးခဲ့သည့် ဆရာ၊ဆရာမ ၃၇ ဦး အတွက် တက္ကသိုလ် (၈)ခုမှ ဆရာ၊ဆရာမများ၏ ထည့်ဝင်သည့် ငွေဖြင့် ကျန်ရစ်သူမိသားစုများအား ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးသုတက ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ် (၅) ခု ၊ မုံရွာ၊တောင်ကြီးနှင့် ကလေးမြို့တို့ရှိ တက္ကသိုလ်များမှ ဆရာ၊ဆရာမများက အောက်တိုဘာ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ စုန်လာသည့် ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်ရာတွင် အသက်သေဆုံးခဲ့သည့် ဆရာ၊ဆရာမများအတွက် ကူညီထောက်ပံ့ရန် စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး ယင်းတက္ကသိုလ် (၈) ခုမှ ထည့်ဝင်ကူညီရာမှ ရရှိခဲ့သည့် ငွေကျပ် ၆၄ သိန်းကျော်ကို ကျန်ရစ်သူမိသားစုများအား အောက်တိုဘာ ၂၂ ရက်နေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်မှ ဦးစီးကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲတွင် မုံရွာမြို့ မြို့တော်ခန်းမတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်မှုလို့ ပြောလို့ရပါတယ်။ကျွန်တော်တို့ ဆရာ ဆရာမများ အဖွဲ့ချုပ်ကလည်း ဆရာ၊ဆရာမများ အခက်အခဲ ကူညီရေးဆိုတဲ့ အချက်တစ်ချက်လည်း ကျွန်တော်တို့ မူဝါဒမှာ ပါနေတယ်။အဲ့ဒီအခက်အခဲကို ကျွန်တော်တို့ ကူညီတာပါ" ဟု ဦးသုတက ဆိုသည်။

ပညာရေးဝန်ကြီးဌာနဖက်မှ သေဆုံးသွားသည့် ဆရာ၊ဆရာမများ၏ ကျန်ရစ်သူ မိသားစုများအတွက် သီးသန့် ကူညီထောက်ပံ့မှုများ ပြုလုပ်သကဲ့သို့ မိမိတို့ ဆရာ၊ဆရာမများအဖွဲ့ချုပ်မှ ကူညီပေးသည့် အစီအစဉ်တွင်လည်း ငွေကြေးများ ထည့်ဝင် ကူညီပေးကြသဖြင့် ပို၍ အဆင်ပြေကြောင်း ၎င်းက ပြောသည်။





FOLLOW US