News

POST TAGGED AS

သင်္ချိုင်း

သင်္ချိုင်းရွှေ့မည့် ရဲတပ်ဖွဲ့ဝင်များကို အေးရွာဒေသခံများ ပိတ်ဆို့ကန့်ကွက်သဖြင့် ရွှေ့မည့်အစီအစဉ်ပျက်


ရန်ကုန်၊ ဇူလိုင် ၂၁

ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ အေးရွာ အနောက်ပိုင်းမှ နှစ်ပေါင်းတစ်ရာခန့်တည်ရှိခဲ့သော သင်္ချိုင်းကို ရဲတပ်ဖွဲ့အင်အား ၆၀ ခန့်ဖြင့် ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက ဖယ်ရှားရှင်းလင်းရန် ရောက်ရှိလာသော်လည်း ဒေသခံများ ပိတ်ဆို့ကန့်ကွက်ခြင်းကြောင့် သင်္ချိုင်းရွှေ့ပြောင်းမည့် အစီအစဉ် ပျက်သွားကြောင်း အေးရွာ ရပ်ကွက်လုံးဆိုင်ရာ စေတနာရှင် နာရေးကူညီမှုအသင်းမှ ကိုကျော်မိုးက ပြောကြားသည်။ 

“သင်္ချိုင်းရွှေ့ဖို့ ရဲတပ်ဖွဲ့ အလုံးအရင်းနဲ့ ရောက်လာတယ်။ အဲဒီအချိန်မှာ နာရေးတစ်ခုကို မီးရှို့နေလို့ ရပ်စောင့်နေကြသေးတယ်။ နောက်မှ ဒေသခံတွေ ပိတ်ဆို့ကန့်ကွက်လို့ အာဏာပိုင်အဖွဲ့တွေက ရှေ့တိုးမလာဘဲ နှစ်နာရီလောက် စောင့်ကြည့်ပြီး လက်လျှော့ပြန်သွားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အေးရွာအနောက်ခြမ်း ရွာသင်္ချိုင်းကို လေးကြိမ်မြောက် ပြောင်းရွှေ့ရန် ရဲတပ်ဖွဲ့အင်အားဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျေးရွာဒေသခံများက ဆိုသည်။

ကျေးရွာသင်္ချိုင်း မပြောင်းရွှေ့ရန် ဒေသခံ ၆၀၀ ခန့် ပိတ်ဆို့ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းများဘက်က ထပ်မံကြိုးစားလာပါကလည်း လုံးဝပြောင်းရွှေ့ခွင့်ပြုမည် မဟုတ်ကြောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိတွင် ကျေးရွာသင်္ချိုင်း မပြောင်းရွှေ့ရေးနှင့်ပတ်သက်၍ ကန့်ကွက်သည့် သဘောထားလက်မှတ်ကောက်ယူကာ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ဝန်ကြီးဌာန အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ကို အဆိုပါလက်မှတ်များကို ပေးပို့မည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ 

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနသို့ ည ၇နာရီခွဲခန့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ 

J-17



FOLLOW US