News

POST TAGGED AS

သက်ငယ်မုဒိမ်း

ခုနစ်တန်းကျောင်းသူနှင့် ပေါင်းသင်းနေထိုင်သည့် တရုတ်နိုင်ငံသားကို မုဒိမ်းမှုဖြင့် အမှုဖွင့်
မန္တလေး၊ ဩဂုတ် ၁၂

ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ခုနစ်တန်းကျောင်းသူတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ဩဂုတ်လ ၁၁ ရက်နေ့က ဖမ်းဆီးကာ မုဒိမ်းမှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့်ဇွန်လအတွင်းက ကလေး ငယ်နှင့်အတူနေထိုင်သည့် အဘွားတော်စပ်သူက လူပွဲစားနှစ်ဦးထံပို့ဆောင်ကာ တရုတ်လူမျိုးတစ်ဦး၏ ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်ရန် ရောင်းစားခဲ့ရာ လူကုန်ကူးသူများကိုလည်း အုန်းချောနယ်မြေရဲစခန်းက လူကုန်ကူးမှုဥပဒေဖြင့် အမှုဖွင့်ထားသည်။

ကလေးငယ်၏ အဘွားတော်စပ်သူကိုဖမ်းဆီးကာ လူပွဲစားနှစ်ဦးကိုစုံစမ်းနေစဉ် ဩဂုတ်လ ၉ ရက်နေ့က ခုနစ်တန်းကျောင်းသူတစ်ဦးတည်း အိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း လူကုန်မှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကလေးက တရုတ်နိုင်ငံ ကြယ်ခေါင်ကို ခေါ်သွားခံရပြီးတော့ တရုတ်နိုင်ငံသားနဲ့ ပေးစားခံရတာ။ အဲဒီတရုတ်နိုင်ငံသားက ကလေးနဲ့အတူ မန္တလေးမှာလာနေတာ”ဟု ယင်းအရာရှိက ရှင်းပြသည်။

ကလေးငယ်နှင့်ပေါင်းသင်းကာ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရက် ၂၀ ခန့်နေထိုင်နေခဲ့သည့် အသက် ၃၆ နှစ်အရွယ် တရုတ်နိုင်ငံသား အားထန် ခေါ် ထွန်းထွန်းကို ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်အချိန်က ဖမ်းဆီးနိုင်ခဲ့ပြီး ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် မုဒိမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

လက်ရှိတွင် ကလေးငယ်အား တရုတ်နိုင်ငံသားထံ ရောင်းစားခဲ့သည့် လူပွဲစား ဒေါ်မြသီတာထွန်းနှင့် ဦးလှအောင်တို့ကို ဖမ်းဆီးရမိရန် စုံစမ်းနေဆဲဖြစ်ပြီး ကလေးငယ်၏ အဘွားတော်စပ်သူ အသက် ၅၄ နှစ်အရွယ်ဒေါ်မြမြကိုမူ ဖမ်းဆီးထားပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှလည်း သိရသည်။

M-04



FOLLOW US