News

POST TAGGED AS

သက်ငယ်မုဒိမ်း

ရခိုင်တွင် ခရုမှကူးစက်သောရောဂါ ဖြစ်ပွားသူ ၃၀၀ ကျော်တွေ့၊ မြို့ ၃ မြို့တွင် အများဆုံးကူးစက်ခံရ
စစ်တွေ၊ ဇူလိုင် ၂၄ 

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ရေချိုခရုမှတစ်ဆင့် ကူးစက်သည့် ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်တွေ့ရှိပြီး မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ် ၃ ခုတွင် ကူးစက်ခံရသူဦးရေ အများဆုံးဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က ပြောသည်။

အဆိုပါရောဂါနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လအထိ လူ ၅၆၀ ကိုစစ်ဆေးရာမှ ရောဂါတွေ့ရှိသူ ၃၁၁ ဦးရှိပြီး အသက် ၁ နှစ်အထက် ကလေးများတွင် အများဆုံး တွေ့ရကြောင်း၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ် တစ်မြို့နယ်စီတွင် လူနာ ၂၀ ကျော်တွေ့ရကြောင်း ၎င်းကရှင်းပြသည်။

“အဲဒီ သုံးမြို့နယ်က သူတွေက စစ်တွေမှာလာပြီး အများဆုံး ဆေးခန်းလာကြလို့ သံသယရှိတဲ့လူနာတွေကို စစ်လို့သိရတာ၊ တခြားမြို့နယ်တွေမှာလည်း ဖြစ်တယ်၊ သွေးစစ်ကြည့်လို့ တွေ့ရှိတာ၊ မစစ်ဆေးရသေးတဲ့လူတွေမှာလည်း ရှိကောင်း ရှိနိုင်တယ်”ဟု ဒေါက်တာကြည်လွင်က ပြောသည်။

ရောဂါကူးစက်ခံရပါက ၂ ပတ်မှ ၁၂ ပတ်အတွင်း အရေပြားယားယံကာ အဖုအပိမ့်ထွက်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ ချောင်းဆိုခြင်းနှင့် ကိုယ်လက်နာကျင် ကိုက်ခဲခြင်းတို့ ခံစားရပြီး နာတာရှည် ရောဂါလက္ခဏာများအဖြစ် ဗိုက်အောင့်ခြင်း၊ ဝမ်းကိုက်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးပူခြင်း၊ ဆီးအောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ ချောင်းဆိုးသွေးပါခြင်းတို့အပြင် အသည်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတို့ ပျက်စီးနိုင်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါရောဂါကို စစ်တွေမြို့မှ ကလေးအထူးကု ဆရာဝန် ဒေါက်တာလှမိုးသူထံ လာရောက်ပြသသော ကလေးများကို သံသယရှိ၍ စတင်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းရောဂါကို ကာကွယ်နိုင်မည့် ဆေးမရှိသေးသော်လည်း Praziquantel သောက်ဆေးဖြင့် ထိရောက်စွာ ကုသပေးနိုင်ကြောင်း၊ ရောဂါဖြစ်ပွားသူသည် အသက်သေဆုံးမှု မရှိသော်လည်း နာတာရှည် ရောဂါဝေဒနာကို ခံစားရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်ထားသည်။

အဆိုပါ ရောဂါမှာ လူ၊ ကျွဲ၊ နွား တိရစ္ဆာန်တို့ စွန့်သော ဆီး၊ မစင်မှ ပါလာသည့် Schistosomiassis  Species (မျိုးစိတ်) များ၏ ဥများသည် ရေချို၊ ရေကန်၊ စမ်းချောင်း လှောင်တမံထဲသို့ ရောက်ရှိသွားပြီးနောက် ယင်းဥမှပေါက်ဖွားလာသော ဥပေါက်သားကောင်လေးများမှာ ခရုကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်၍ တွယ်ကပ်နေကာ သားလောင်းအဆင့်သို့ ကူးပြောင်းသွားကြောင်း၊ ယင်းနောက် ကူးစက်ခံ ခရုမှတစ်ဆင့် စွန့်ထုတ်လိုက်သည့် သားလောင်းများ ပေါက်ဖွားနေသော ရေချိုရေနှင့် လူ၏ အရေပြား တိုက်ရိုက် ထိတွေ့ရာမှ ကူးစက်တတ်သည်။

“ကာကွယ်ရေးအနေနဲ့ ယင်လုံအိမ်သာတွေ သုံးစွဲမှုမြင့်ဖို့ လိုတယ်။ ရခိုင်မှာဆိုရင် ယင်လုံအိမ်သာသုံးစွဲတာ မြို့ပေါ် ၇၀ ရာခိုင်နှုန်း အထက်ရှိတယ်၊ ဒါပေမဲ့ ကျေးလက်ဒေသတွေမှာ အချို့နေရာတွေမှာ လုံးဝ မရှိတဲ့ရွာတွေ ရှိနေတယ်။ တချို့နေရာတွေမှာ အနည်းငယ် ရှိတယ်။ ယင်လုံအိမ်သာ သုံးစွဲမှုမြင့်ရင် ဒီရောဂါတစ်ခုတည်းမဟုတ် အခြားရောဂါတွေပါ လျော့နည်းသွားမယ်”ဟု ဒေါက်တာကြည်လွင်က ပြောသည်။

ရောဂါ ကူးစက်ခံရမှု မြင့်မားနေသူတို့မှာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေသူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများ၊ စမ်းချောင်း၊ ရေအိုင်တို့၌ ဆော့ကစားသော ကလေးငယ်များနှင့် ရေချိုးသောသူတို့ဖြစ်၍ စိုက်ပျိုးရေး လုပ်ကိုင်သူများအနေဖြင့် လည်ရှည်ဖိနပ်၊ လက်အိတ်တို့ အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

R-22



FOLLOW US