News

POST TAGGED AS

သက်ငယ်မုဒိမ်း

ပုသိမ်တွင် သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးနှင့် အမျိုးသမီးထုဘဝ လုံခြုံရေး လှုပ်ရှားမှုလုပ်


ပုသိမ်၊ မတ် ၁၇ 

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် မတ်လ ၁၇ ရက် နံနက်ပိုင်းက အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော် ပူးပေါင်းကာ သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေး၊ အမျိုးသမီးထု ဘဝလုံခြုံရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။ 

ပုသိမ်မြို့၏ လူစည်ကားရာနေရာများဖြစ်သော ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၊ မြို့မဈေးကြီး ၊ ဘူတာဈေး၊ မြို့သစ်ဈေး၊ ကုလားကုန်းဈေး၊ ရွှေပြည်သာဈေးနှင့် မဟာဗန္ဓုလ လမ်းမကြီး တစ်လျှောက် မီးပွိုင့်များအနီးတွင် ဓာတ်ပုံ၊ ပိုစတာလှုပ်ရှားမှုနှင့် သက်ငယ်မုဒိမ်းနှင့် ပတ်သက်သည့် အသိပညာပေး စာရွက်စာတမ်းများကို ဖြန့်ဝေခဲ့ကြောင်း ယင်း လှုပ်ရှားတွင်ပါဝင်သည့် ဖြူစင်မေတ္တာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဦးသန်းထွန်းနိုင် (ခ) ကိုနိုင်ကြီးက ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ဦးဆောင်ကာ မန္တလေးအွန်လိုင်းပရဟိတအဖွဲ့နှင့် ပုသိမ်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများမှ လူ ၁၅၀ ခန့်က လုပ်ဆောင်ခဲ့သည်။ 

မုဒိမ်းမှုများ အဖြစ်များလာရသည်မှာ ဥပဒေ၏ အားနည်းချက်များ ရှိနေသောကြောင့်ဖြစ်ပြီး ယင်းဥပဒေများကို ထိရောက်သည့် ပြစ်ဒဏ်အဖြစ် ပြင်ဆင်သင့်ကြောင်း၊ ကျူးလွန်သူအများစုမှာ အရက်၊ မူးယစ်ဆေး သောက်စားထားသူများ ဖြစ်သောကြောင့် တရားမဝင် အရက်ဆိုင်များနှင့် မူးယစ်ဆေးရောင်းသူများကို ထိရောက်စွာ အရေးယူသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“မိဘတစ်ယောက်အနေနဲ့ ကျွန်မသမီးလေးအတွက် ပြောမပြတတ်အောင် ခံစားနေရပါတယ်၊ ဘယ်လိုလူမျိုးကိုဖြစ်ဖြစ် ထိထိရောက်ရောက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ဏ်ပေးသင့်ပါတယ်၊ ကျွန်မရင်ထဲမှာ ရှိတာပြောရရင် သေဒဏ်အထိ အပြစ်ပေးစေချင်တယ်”ဟု သက်ငယ်မုဒိမ်း ပြုကျင့်ခံရသည့် မိန်းကလေး၏ မိခင်က ပြောသည်။ 

သက်ငယ်မုဒိမ်း လျော့ကျပပျောက်ရေးအတွက် တာဝန်ရှိသူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းကာ ကျေးလက်ဒေသများအထိ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သော မြန်မာပွင့်လင်းမြင်သာမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) အဖွဲ့မှ ဦးမိုးကြီးက ပြောကြားသည်။

အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှုများမှာ မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားမှုနှုန်း မြင့်တက်နေကြောင်း၊ ၂၀၁၇ ခုနှစ်က တစ်နိုင်ငံလုံးအနေဖြင့် သက်ငယ်မုဒိမ်းမှု ၈၉၇ မှု ဖြစ်ပွားပြီး ဧရာဝတီတိုင်းတွင် သက်ငယ်မုဒိမ်းဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

R-12



FOLLOW US