News

POST TAGGED AS

သက်ငယ်မုဒိမ်း

ပုသိမ်တွင် သက်ငယ်မုဒိမ်းမှုပပျောက်ရေး လှုပ်ရှားမှု လုပ်မည်
ပုသိမ်၊ မတ် ၁၂

ဧရာဝတီတိုင်းတွင် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးအတွက် ပုသိမ်မြို့တွင် မတ်လ ၁၇ ရက်၌ သက်သယ်မုဒိမ်းမှု ပပျောက်ရေး လှုပ်ရှားမှုလုပ်ဆောင်မည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မုဒိမ်းမှု အများဆုံးဖြစ်ပွားသောတိုင်းတွင် ဧရာဝတီတိုင်းပါဝင်ကြောင်း၊ သက်ငယ်မုဒိမ်းမှုဖြစ်ရခြင်းမှာ ဥပဒေ၏ အားနည်းချက်များ ရှိသဖြင့် ဥပဒေကို ပြင်ဆင်ဖို့ ဆောင်ရွက်နေချိန်တွင် သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းစေရန် ကြိုတင်ကာကွယ်မှု ပြင်ဆင်နိုင်မှုနည်းလမ်းများ ရရှိစေရန် ရည်ရွယ်လုပ်ဆောင်မည်ဖြစ်ကြောင်း ပုသိမ်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ ဦးနိုင်ကြီးက ရှင်းပြသည်။

အဆိုပါ လှုပ်ရှားမှုကို မန္တလေးမြို့ရှိ အွန်လိုင်းပရဟိတအဖွဲ့နှင့် ပုသိမ်မြို့ပေါ်ရှိ လူမှုကူညီရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များဝေခြင်းနှင့် ဓာတ်ပုံပြပွဲများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် မြောင်းမြမြို့နှင့် ညနေပိုင်းတွင် လပွတ္တာမြို့နယ်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပုသိမ်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းထံမှ သိရသည်။

“သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးဖို့၊ ပြစ်ဒဏ်တိုးမြှင့်ဖို့ တောင်းဆိုနေတာတွေဟာ မုဒိမ်းမှုဖြစ်ပြီးသွားတဲ့အချိန်ကို ရည်ညွှန်းပြီးပြောနေကြတာပါ၊ ဒါဆို သက်ငယ်မုဒိမ်းမှုတွေ မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ၊ မုဒိမ်းမှုဖြစ်ပွားတာမှာ အရက်တို့ မူးယစ်ဆေးဝါးတို့ သုံးစွဲထားတာတွေက အဓိကအချက် ဖြစ်နေတယ်၊ အဲဒါတွေကို ဘယ်လိုထိန်းချုပ်ကြမလဲ ဆိုတာလည်း စဉ်းစားသင့်ပါတယ်”ဟု ပုသိမ်မြို့နေထိုင်သူ ဦးစည်သူက ပြောကြားသည်။ 

R-11




FOLLOW US