News

POST TAGGED AS

သက်ငယ်မုဒိမ်း

သက်​ငယ်​မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရေး ပြည်တွင် ဆန္ဒပြ


ပြည်၊ ဖေဖော်ဝါရီ ၂၅

သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးနှင့် အဆိုပါအမှုများတွင် ကျူးလွန်သူများကို သေဒဏ်ချမှတ်ရေးတို့အတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် လူအင်အား ၂၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်သူများသည် သက်ငယ်မုဒိမ်းမှုကို ဆန့်ကျင်သော စာသားများပါဝင်သည့် အဖြူရောင်တူညီအင်္ကျီများကို ဝတ်ဆင်ကာ “သက်ငယ်မုဒိမ်းမှု ပပျောက်ဖို့ အားလုံးပူးပေါင်းပါဝင်စို့” စာသားပါသည့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ပြည်မြို့၊ ဗိုလ်ချုပ်လမ်း ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့နှင့် ပြည်ဘူတာကြီးရှေ့တို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

“သက်ငယ်မုဒိမ်းမှုဆိုတာ အခု အစိုးရလက်ထက်မှ ဖြစ်လာတာမဟုတ်ဘူး။ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားတာတွေနဲ့ပတ်သက်ပြီး အခုအစိုးရကို ပုံရိပ်ဖျက်ဖို့ ကြိုးစားနေတဲ့အဖွဲ့အစည်းတွေကိုလည်း ရှုတ်ချတယ်။ မုဒိမ်းမှုကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ဘယ်သူပေးခဲ့လဲ။ ကျွန်တော်တို့အနေနဲ့အစိုးရကို တစ်တပ်တစ်အား ကူညီတဲ့အနေနဲ့ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေး အခုထက်ပိုလုပ်သွားမယ်”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဦးညီညီအောင်က ပြောဆိုသည်။

ယခုကဲ့သို့ အသိပညာပေး ဆန္ဒထုတ်ဖော်မှုများအပြင် ကျေးရွာများသို့ အရပ်ဘက်အဖွဲ့အစည်းများက ကွင်းဆင်း၍ မိဘများနှင့် ကလေးသူငယ်များကိုလည်း အသိပညာပေးမှုများ တစ်ပတ်လျှင်တစ်ရွာနှုန်းဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မုဒိမ်းမှုတိုင်းကို မဆိုလိုဘူး။ သက်ငယ်မုဒိမ်းတွေကိုတော့ သေဒဏ်ပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ မုဒိမ်းမှုတွေကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဖို့ တောင်းဆိုပါတယ်”ဟု ပြည်မြို့ဒေသခံ မဇင်မာဝင်းက ပြောဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် လူအင်အား ၂၀၀ ခန့်ပါဝင်ခဲ့ပြီး ပြည်မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ ကလေးငယ်များ၊ လူငယ်များ၊ ကလေးမိဘများနှင့် စိတ်ဝင်စားသူ ဒေသခံများ စုပေါင်းပါဝင်ခဲ့သည်။

M-06



FOLLOW US