News

POST TAGGED AS

သက်ငယ်မုဒိမ်း

ပါကစ္စတန်တွင် ခြောက်နှစ်သမီးကို မုဒိမ်းကျင့်သတ်ဖြတ်သူ သေဒဏ်လေးကြိမ်ချမှတ်
လာဟိုး၊ ဖေဖော်ဝါရီ ၁၈

ပါကစ္စတန်တွင် ယခင်လက ခြောက်နှစ်သမီး ဇိုင်နက်အမ်ဇာရီကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ အင်မရမ်အလီ ၂၄ နှစ်ကို တရားရုံးက သေဒဏ်လေးကြိမ် ပေးလိုက်သည်ဟု BBC သတင်းတွင်ဖော်ပြသည်။

ဇိုင်နက်အမ်ဇာရီ၏ အလောင်းကို လာဟိုးမြို့တောင်ဘက် ကာဆာမြို့ရှိ အမှိုက်ပုံတစ်ခုတွင် ဇန်နဝါရီလ ၉ ရက်က တွေ့ရှိခဲ့သည်။ သူမ အသတ်ခံရမှုကြောင့် နိုင်ငံတစ်ဝန်း အမျက်ထွက်ခဲ့ကြပြီး ရဲများ၏ညံ့ဖျင်းမှုကို ရှုတ်ချသော ဆန္ဒပြပွဲများ ထွက်ပေါ်လာခဲ့သည်။

ဇိုင်နက်အမ်ဇာရီကို သတ်ဖြတ်ခဲ့သူသည် နယ်မြေအတွင်းမှ အခြားမိန်းကလေးများ စော်ကားခံရမှု၊ အသတ်ခံရမှုများနှင့်လည်း ဆက်စပ်နေသည်ဟု ရဲများက ပြောကြားသည်။

အလီအပေါ် စွဲချက်တင်ထားသော အမှုများသည် လွန်ခဲ့သောတစ်နှစ်ကျော်အထိ ပြန်လှည့်နေသောကြောင့် တရားခံကို မြန်မြန်ဆန်ဆန် စီရင်ချက်ချရန် ဒေသခံပြည်သူများက အာဏာပိုင်များကို တောင်းဆိုခဲ့ကြသည်။

အလီအား စစ်ဆေးရာတွင် မျက်မြင်သက်သေများစွာက ထွက်ဆိုချက်ပေးခဲ့ကြပြီး DNA အပါအဝင် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများကိုလည်း တရားရုံးသို့တင်ပြခဲ့ကြသည်။

တရားခံအလီက ဝန်ခံဖြောင့်ချက်ပေးခဲ့ပြီးနောက် ၎င်း၏ရှေ့နေက အမှုမှနုတ်ထွက်သွားသည်ဟု သိရှိရသည်။

တရားခံသည် ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အကြမ်းဖက်မှုတို့ဖြင့် သေဒဏ်လေးကြိမ် စီရင်ခြင်းခံရပြီး ဓမ္မတာမဟုတ်သော လိင်ပြုကျင့်မှုဖြင့် ထောင်ဒဏ်တစ်သက်နှင့် ဒဏ်ငွေဆောင်ရန် စီရင်ခြင်းခံရသည်။ ၎င်းသည် အယူခံဝင်ရန် ၁၅ ရက် အချိန်ရမည်ဟု ဆိုသည်။

၎င်းကိုစီရင်ချက်ချသည့် သတင်းနှင့်ပတ်သက်၍ လူမှုမီဒီယာတွင် ပြင်းထန်သော တုံ့ပြန်မှုများ ထွက်ပေါ်လာသည်။

ဇိုင်နက်၏ မိဘများအပါအဝင် အချို့က ဇိုင်နက်ပြန်ပေးဆွဲခံရသည့်နေရာတွင် တရားခံကို လူထုရှေ့မှောက်၌ ကြိုးပေးရန် တောင်းဆိုနေကြသည်။

ကလေးများ မုဒိမ်းကျင့်အသတ်ခံရမှု၏ နောက်ကွယ်တွင် ကျယ်ပြန့်သော ရာဇဝတ်ဂိုဏ်းကွန်ရက် ရှိနိုင်သောကြောင့် တရားခံအလီကို မကွပ်မျက်မီ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် အချို့က တောင်းဆိုကြသည်။

ဇိုင်နက်အမ်ဇာရီ ပျောက်ဆုံးသည့်နေ့နှင့် အလောင်းပြန်တွေ့သည့်နေ့အကြား ငါးရက်ကာလအတွင်း ရဲများက အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိဟု သူမ၏မိသားစုက ထုတ်ဖော်ပြောဆိုထားသည်။ ဇိုင်နက်အမ်ဇာရီ၏ ဆွေမျိုးများက သူမ၏ နောက်ဆုံးသွားလာလှုပ်ရှားမှု စီစီတီဗီမှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ကလေးငယ်အား ယောကျာ်းတစ်ဦးက ခေါ်ဆောင်သွားသည်ကို တွေ့မြင်ရသော ဗီဒီယိုဖိုင်မှာ လူမှုမီဒီယာတွင် ပျံ့နှံ့သွားခဲ့သည်။ ဇိုင်နက်အမ်ဇာရီတို့ နေအိမ်အနီးတွင် နေထိုင်သော တရားခံကို ရဲက ဇန်နဝါရီလ ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

F-04




FOLLOW US