News

POST TAGGED AS

ဝန်ကြီးချုပ်

ရန်ကုန်မြို့ကို စည်းကမ်းတင်းကျပ်မည်ဟု ဝန်ကြီးချုပ်ပြော
ရန်ကုန်၊ ဩဂုတ် ၂၅

လက်ရှိ ပြဋ္ဌာန်းထားသည့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအသစ်ဖြင့် ရန်ကုန်တိုင်းအတွင်း စည်းကမ်းမဲ့နေသည့် ကိစ္စရပ်များကို တိုက်ဖျက်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ဩဂုတ်လ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယ တစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေသည် ရန်ကုန်တိုင်းအတွင်းရှိ စည်းကမ်းမဲ့ ဆောင်ရွက်ချက်များအတွက် ပြုပြင်ပြောင်းလဲရေးတွင် အရေးပါသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ရန်ကုန်မြို့တော်ကြီး၏ အနာဂတ် ပြုပြင်ပြောင်းလဲရေး သမိုင်းမှတ်တိုင် ဖြစ်လာမည်ဟုလည်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအသစ်ကို ဇွန်လ ၂၅ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် YCDC ဥပဒေသစ်ကို လူထုကြားတွင် အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဥပဒေ စတင်အသက်ဝင်မည့် ယခုနှစ် အောက်တိုဘာလမှ စတင်ကာ စည်းကမ်းမလိုက်နာမှုများကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များ၊ လမ်းဘေးဈေးသည်များ၊ တရားမဝင် လိုင်စင်မဲ့ စားသောက်ဆိုင်များ အစရှိသည့် စည်းကမ်းချိုးဖောက်မှုများအပေါ် ယခင်ကထက် ပိုမိုထိရောက်စွာ အရေးယူသွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြီးခဲ့တဲ့ ဥပဒေမှာတော့ အရေးယူအပြစ်ပေးလိုက်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ ဥပဒေမှာ မပါဘူးဖြစ်နေပါတယ်။ ဒါကြောင့် ဒဏ်ကြေးပေးဆောင်ပြီး ဒီဆိုင်တွေက ဆက်ဖွင့်နေရင် ဘာဆက်လုပ်မလဲဆိုတဲ့ အခြေအနေတစ်ရပ်။ ဒဏ်ကြေးပဲ ဆက်တိုက်ပေးသွားမယ်ဆိုရင် ကျွန်တော်တို့ ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဥပဒေအသစ်မှာ ဆက်တိုက်ကျူးလွန်တယ်ဆိုရင် ဥပဒေလမ်းကြောင်းအရ အပြစ်ပေးအရေးယူ ပိတ်သိမ်းနိုင်မှာဖြစ်ကြောင်း ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီဥပဒေကို အောက်တိုဘာမှာ ထိထိရောက်ရောက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယင်းသို့ ဥပဒေအကောင် အထည်ဖော်ကာ ရန်ကုန်မြို့ သန့်ရှင်းသပ်ရပ်စေရေး စည်ပင်သာယာတစ်ခုတည်းတွင်မက ပြည်သူများနှင့် သတင်းမီဒီယာများကလည်း ပူးပေါင်းလုပ်ဆောင်ပေးသွားကြရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယခု အသုံးပြုမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသည် ပြီးခဲ့သည့် ဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက်က အသုံးပြုခဲ့သည့် ၂၀၁၃ စည်ပင်သာယာရေး ဥပဒေနှင့်ခြားနားမှုရှိပြီး ပြစ်မှုပြစ်ဒဏ်များ တိုးမြှင့်ခြင်း၊ စည်ပင်သာယာရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းထားခြင်းများ ပါဝင်နေသည်။

အဆိုပါ စည်ပင်ဥပဒေသစ်ကို ခေတ်နှင့်လျော်ညီကာ စည်းကမ်းချိုးဖောက်သူများကို ထိရောက်စွာ တားမြစ်နိုင်မည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ရန်ကုန်တိုင်းစည်ပင်သာယာရေး ဝန်ထမ်းများက တာဝန်ခံကာ ဥပဒေကို ကိုယ်တိုင်လေးစားလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက သုံးသပ်ပြောဆိုသည်။

ထို့ပြင် အဆိုပါ ဥပဒေကို ပြည်သူများကြား သိရှိရေးအတွက်လည်း ကွင်းဆင်းကာ အသိပညာပေး လုပ်ဆောင်မှုကို စတင်နေပြီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း အသိပညာပေးမှုတွင် ပါဝင်လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

“လူတွေက အမှန်အတိုင်းပြောရင် အရင်ဥပဒေကို မကြောက်ဘူး။ စည်းကမ်းမလိုက်နာဘူး။ ဒါကို လွှတ်တော်အနေနဲ့ကတော့ ဥပဒေပြုပြီးလိုက်ပြီ၊ အရေးယူဆောင်ရွက်မယ့် အပိုင်းတွေကတော့ တာဝန်ရှိတဲ့သူတွေ၊ ပြီးတော့ ပြည်သူတွေကိုယ်တိုင်ကတော့ တိုင်ကြားကြဖို့ လိုပါတယ်။ ဒီဥပဒေကို အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းကျော်ကျော်က လေးစားလိုက်နာပြီး ကျင့်သုံးရင် ကျွန်တော်တို့ ရန်ကုန်က ဒီထက်ပိုကောင်းမွန်တဲ့ ရန်ကုန်ကို ပြန်ရမယ်လို့တော့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ အသုံးပြုမည့် ဥပဒေကို တိုင်းအစိုးရက စတင် တင်သွင်းစဉ်က မြို့တော်စည်ပင်ကို စီးပွားရေး အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည့် ပြဋ္ဌာန်းချက်များ ပါဝင်လာခဲ့သော်လည်း ရန်ကုန်တိုင်းလွှတ်တော်က ပယ်ဖျက်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ၂ ဦးထပ်တိုးကာ ၁၁ ဦးထိ ခန့်အပ်သွားရန် ပြင်ဆင်ချက်နှင့် ဒုတိယမြို့တော်ဝန်တစ်ဦး ခန့်အပ်ရန် ပြင်ဆင်ခဲ့သည်။

J-08



FOLLOW US