News

POST TAGGED AS

ဝက်သတ်စက်

ထောပတ်ပဲ အမြင့်ဆုံးဈေးရောက်
မန္တလေး၊ ဇူလိုင် ၂၉

မန္တလေး ပဲ၊ နှမ်း အရောင်းအဝယ် ဈေးကွက်တွင် ထောပတ်ပဲဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး ဇူလိုင်လ ၂၉ ရက်က အမြင့်ဆုံးဈေးသို့ ရောက်ရှိလာခဲ့ကြောင်း ပဲ၊ နှမ်း အရောင်းအဝယ် လုပ်ကိုင်သူများက ပြောဆိုသည်။

ထောပတ်ပဲသည် ဈေးကွက်တွင်လည်း ပစ္စည်းရှားပါးနေပြီး လာမည့်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလရောက်မှသာ စပေါ်မည်ဖြစ်ပြီး မတ်လအတွင်းမှသာ ဈေးကွက်သို့ အသစ်ဝင်ရောက်မည်ဖြစ်သောကြောင့် ထောပတ်ပဲဈေးနှုန်းများ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“ဒီနှစ် ပဲအထွက်လည်း မလျော့သလို တရုတ်ဝယ်လိုအားကလည်း ကောင်းတယ်”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၇ ခုနှစ်ကုန်ပိုင်းက ထောပတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် အများဆုံး ၁၃၅,၀၀၀ ကျပ်ရခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၂၉ ရက် ပေါက်ဈေးအနေနှင့် ထောပတ်ပဲ (ကြီး) ၁၅၅,၀၀၀ ကျပ်၊ ထောပတ်ပဲ (လတ်) ၁၅၀,၀၀၀ ကျပ် ၊ ထောပတ်ပဲ (သေး) ၁၃၇,၀၀၀ ကျပ်ဖြင့် အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ကြောင်း ပဲ၊ နှမ်း အရောင်းအဝယ်လုပ်ကိုင်သူများက ပြောကြားသည်။

တရုတ်ဝယ်လက်အပြင် သင်္ဘောဖြင့်တင်ပို့ရသော ဂျပန်နှင့်ထိုင်ဝမ်တို့အပြင် ဥရောပနိုင်ငံများနှင့်ပါ ဈေးပြိုင်ဖြစ်လာသည့်အတွက် ဈေးနှုန်းများမြင့် လာရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ 

တရုတ်နိုင်ငံသည် ပြီးခဲ့သော ငါးနှစ်ကစ၍ ပြည်တွင်းမှထွက်ရှိသော ထောပတ်ပဲကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဝယ်ယူလာကြောင်းလည်း ကုန်သည်များ၏ အဆိုအရသိရသည်။

တရုတ်အနေနှင့် ပြည်တွင်းထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဝယ်ယူလေ့ရှိရာ ဇူလိုင်လလယ်တွင် ထောပတ်ပဲဈေး မြင့်တက်မှုမျိုး မကြုံဖူးခဲ့ကြောင်း ဦးစိုးဝင်းမြင့်က ထပ်မံပြောကြားသည်။

“ဒီလိုမျိုးဈေးကောင်းနေရင် တောင်သူတွေ မျိုးပဲပြန်ဝယ်တဲ့အခါ အခက်အခဲဖြစ်မှာတော့ စိုးရိမ်ရတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခုနှစ် ထောပတ်ပဲပေါ်စအချိန်ဖြစ်သည့် မတ်လဆန်းတွင် သုံးတင်းဝင် တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ပြီး ဧပြီလမှ မေလအစပိုင်းအထိ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်သို့ ဈေးလျော့ကျခဲ့ရာမှ ဇူလိုင်လဆန်းမှစတင်ကာ ဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးနှုန်းများ ထုတ်ပြန်ချက်အရသိရသည်။

ထောပတ်ပဲကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အဓိက စိုက်ပျိုးပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စတင်စိုက်ပျိုးလေ့ရှိသည်။  

M-08



FOLLOW US