News

POST TAGGED AS

ဝက်နားရွက်ပြာရောဂါ

ဝန်းသိုတွင် ဝက်နားရွက်ပြာရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင် ဟုဆို
ရွှေဘို၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂၀ ကျော်တွင် ဖြစ်ပွားခဲ့သည့် ဝက်နားရွက်ပြာရောဂါမှာ ယခုအခါ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကသာခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဌေးဇော်ဦးက ပြောကြားသည်။

ဝန်းသိုမြို့နယ်အတွင်း ဝက်နားရွက်ပြာရောဂါလက္ခဏာသည် လွန်ခဲ့သည့် နှစ်လကျော်ကစတင်တွေ့ရှိခဲ့ပြီးနောက် ဝက်များအများအပြား သေဆုံးခဲ့သဖြင့် သေဆုံးဝက်များ၏ ကိုယ်တွင်းအင်္ဂါများကို ဓာတ်ခွဲခန်းပို့စစ်ဆေးခဲ့ရာ ဝက်နားရွက်ပြာရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ကို ပြီးခဲ့သည့်ဇွန်လ ၁၄ ရက်နေ့က ထွက်ရှိခဲ့သည့် ဓာတ်ခွဲခန်းအဖြေအရ သိရှိခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ရောဂါဖြစ်ပွားနေသည့် ဒေသမှ အခြားဒေသသို့ ကူးသန်းသယ်ဆောင်မှုကို အဓိကတားမြစ်ခဲ့ပြီး ယင်းသို့တားမြစ်ထားသည့်အတွက် ရောဂါကူးစက်မှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဝန်းသိုမြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက်စုစုပေါင်း ၁၇၀ ကျော်ရှိပြီး ကျေးရွာ၊ ရပ်ကွက်စုစုပေါင်း ၁၂၀ ကျော်တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဌာနမှ အသိပညာပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ဝက်များကို ဆေးကုသမှုပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်နေကြောင်း ဝန်းသိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါရောဂါသည် ဗက်တီးရီးယားရောဂါတစ်မျိုးဖြစ်၍ နောက်ဆက်တွဲကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဇီဝလုံခြုံရေးတိုးမြှင့်ရန်၊ ကာကွယ်ဆေးဖျန်းရန်၊ ရောဂါဖြစ်ပွားသည့်ဝက်ကို တစ်နေရာမှ တစ်နေရာသို့ ကူးသန်းသယ်ဆောင်ခြင်းကို ကျေးရွာများ၌ ပညာပေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဝန်းသိုမြို့နယ်ဝန်းကျင်ကျေးရွာ ရပ်ကွက်များတွင် ရောဂါဖြစ်ပွားမှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း ကသာခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

R-09



FOLLOW US